တပ်ရင်းစခန်းကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်။

စစ်ကောင်စီ တပ်ရင်း စခန်းတစ်ခုကို အင်္ဂါနေ့ နေ့ခင်းပိုင်းတွင် ရေးဘီလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အကျအဆုံး ရှိခဲ့သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်သည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ၅၈၆ ကို ဒီဇင်ဘာလ ၂၀ ရက်နေ့ (အင်္ဂါနေ့) နေ့လည်ပိုင်း အချိန် ခန့်က ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့သည်။

အင်္ဂါနေ့၊ နေ့လည် ၁၂ နာရီအချိန်ခန့်က RPG လက်နက်တို့ဖြင့် သွားရောက် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “ဒီဇင်ဘာ ၂၀ ရက်နေ့ ရေးမြို့နယ်မှာရှိတဲ့ ၅၈၆ တပ်ရင်းကို ကျနော်တို့ ရေးဘီ လူးအဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ RPG သုံးပြီး ဘန်ကာကို ဖြိုခွင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က တော့ ၄ ဦး ကျဆုံးပြီးတော့ ၃ ဦးကတော့ အပြင်းအထန်ဒဏ်ရာရတယ်လို့ ကျနော်တို့ သိရတယ်” ဟု ပြောသည်။

တပ်ရင်း ၅၈၆ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိသည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

သို့သော် အဆိုပါ တိုက်ခိုက်မှုဖြစ်စဥ်အတွင်း ရေးဘီလူးအဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ သည်ဟုလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

စစ်ကောင်စီ တပ်ရင်း ၅၈၆ ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်တပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန် ထားခြင်း မရှိသေးပေ။

ဒီဇင်ဘာလ ၁၆ ရက်နေ့တုန်းကလည်း ရေးမြို့နယ်အခြေစိုက် အမြောက်တပ်ကို ရေးဘီလူးအဖွဲ့က ၄၀ မမ လက်နက်များ ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ သေးသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များကို မကြာခဏ ပစ်ခတ် ရှင်းလင်းလေ့ရှိသည့်အပြင် ဌာနဆိုင်ရာရုံးများ၊ ရဲစခန်းများနှင့် စစ်ဆေးရေးဂိတ်များကိုလည်း မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

ထို့ပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အရပ်သားဝန်းထမ်းများနှင့် ဒေသအတွင်း စစ်ကောင်စီ သတင်းပေး ဒလန် ဟု သတ်မှတ်ခံရသည့် သူများကိုလည်း မကြာခဋ္ဌ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

ရှေ့ဆက်လည်း စစ်ကောင်စီသတင်းပေး ဒလန်များကို ပစ်ခတ်ရှင်းသွားမည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထား သလို အုပ်ချုပ်ရေးမှူးများနှင့် CDM မပြုလုပ်ရသော ဝန်ထမ်းများလည်း နှုတ်ထွက်ကြဖို့ အသိပေး ထုတ်ပြန်ထား သည်။

အလားတူ စစ်ကောင်စီဘက်ကလည်း ရေးဘီလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေး ငွေပေးမည်ဟု တန်ပြန် သတင်းထုတ်ပြန်ထားသည်။