ရဲစခန်းမှ ပြန်လာသည့် ပျူစောထီး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ရဲစခန်းတွင် ပြုလုပ်သည့် အစည်းအဝေးမှ ပြန်လာသူ ပျူစောထီး အဖွဲ့ဝင် တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။
လောင်းလုံးရဲစခန်းတွင် ပြုလုပ်သည့် အစည်းအဝေး တက်ရောက်ပြီး ဆိုင်ကယ်ဖြင့် ပြန်လာသည့် ပျူစောထီး အဖွဲ့ဝင် အသက် ၄၅ နှစ်အရွယ် ကိုနေလင်းထွန်းကို အမည်မသိ လူ ၅ ဦးမှ တားဆီးကာ သေနတ်နှင့် ပစ်ခတ် သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ရွာသားတစ်ဦး က “သေနတ်သံ ဆက်တိုက်ပစ်သံ ရွာထဲကကြားလိုက်ရတယ်။ အစည်းဝေးက အပြန်မှာပစ်ခံ ရတာ။ တကိုယ်လုံး သေနတ်ဒဏ်ရာ ၆ ချက်လောက်တွေ့ရတယ်။ မနည်းဘူး။ သွေးအိုင်ထဲ မှောက်လျက်အနေ အထားနဲ့ သေနေတာ” ဟု ပြောသည်။
ကိုနေလင်းထွန်း အသက် ၄၅ နှစ်သည် လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာအဝင်၊ ကုက္ကိုလ်ပင်အောက်တွင်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
သေဆုံးသွားသူ ကိုနေလင်းထွန်းသည် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အမြဲတ စေ သွားလာနေထိုင် စားသောက်တတ်သူ၊ ဌာနဆိုင်ရာရုံးများသို့လည်း ဝင်ထွက်သွားလာ၍ ကျေးရွာအတွင်းရှိ ဆိုင်ကယ်မောင်းလိုင်စင်၊ မှတ်ပုံတင်၊ အုပ်ချုပ်ရေးမှူး ထောက်ခံစာ စသည်တို့ကို အခကြေးငွေဖြင့် လုပ်ကိုင် ပေး နေသည့် ပွဲစားတစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ကျေးရွာအတွင်း၌ လိုက်လံ စာရင်းကောက်ပေး နေ သူ တစ်ဦးလည်း ဖြစ်သည်ဟု ဆိုသည်။
ပျူစောထီးအဖွဲ့ဝင် ကိုနေလင်းထွန်းအား Dawei Defense Team – DDT တပ်ခွဲ (၃) တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ ခြင်း ဖြစ်ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်ချက်အမှတ် – ၂၀၂၂ /၀၂၂ ဖြင့် ဒီဇင်ဘာလ ၂၃ ရက်နေ့၊ ညနေပိုင်းမှာပင် သတင်း ထုတ်ပြန်ထားသည်။
ထိုသို့ ပစ်ခတ်ရှင်းလင်းခဲ့ရာတွင် ပျူစောထီးအဖွဲ့ဝင်များ၏ ယာဉ်မောင်း လိုင်စင်အချို့နှင့် လက်ကိုင်ဖုန်း ၂ လုံး၊ ဖုန်းငွေဖြည့်ကဒ်များ၊ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် စာရင်းများ၊ စာရွက်စာတမ်းများကို သိမ်းဆည်း ရမိခဲ့ သည်ဟု ဖေါ်ပြထားသည်။
ကိုနေလင်းထွန်းအား ပစ်ခတ်ရှင်းလင်းခဲ့သည့် ယခုလုပ်ဆောင်မှုမှာ ထားဝယ် – ပကဖ တပ်ဖွဲ့နှင့်သာ သက်ဆိုင် ပြီး ကျေးရွာနေပြည်သူများနှင့် လုံးဝ(လုံးဝ) သက်ဆိုင်မှု မရှိကြောင်းကိုလည်း ထုတ်ပြန်ချက်ထဲတွင် ရေးသား ထားသည်။
ထို့အပြင် ဝေဒီကျေးရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာများတွင် နယ်မြေရှင်းလင်းရေးအတွက် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာ ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် ပစ်ခတ်ခံရသူများနှင့် ဖမ်းဆီးခံရသူ များ ရှိနေပြီး ရွာသား အချို့မှာ ဘေးလွတ်မည့် နေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။