တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ထပ်တိုး ထောင်ဒဏ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်။

စစ်ကောင်စီ ထောင်တွင်းတရားရုံးက နှစ်ရှည်ထောင်ဒဏ် ချခံထားရသည့် NLD အစိုးရ၏ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ထပ်တိုးပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ် ၁ နှစ် အမိန့်ချလိုက်သည်ဟု အကျဉ်းဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။

ဝန်ကြီးချုပ်ဦးမြင့်မောင်ကို ရွေးကောက်ပွဲ ဥပဒေဖောက်ဖျက်ကာ ဘာသာရေးကို အကြောင်းပြပြီး မဲဆွယ် စည်း ရုံးမှုများ ရှိခဲ့သည်ဟု စွပ်စွဲခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စွပ်စွဲပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က အမှုနှစ်မှုဖြင့် ထပ်မံတရားစွဲဆိုခဲ့သည်။

အကျဉ်းဦးစီး တာဝန်ရှိသူ တစ်ဦးက “အမိန့်ချလိုက်တာမှန်ပါတယ်၊ ထပ်ပြီးတရားစွဲဆိုထားတဲ့ ၁၃၀-က နဲ့ အမှု နှစ်မှုမှာ တစ်မှုကို တရားရုံးက ပယ် ဖျက် ပေးခဲ့ပြီး ကျန်တစ်မှုအတွက် ထောင်ဒဏ် ၁ နှစ်အမိန့်ချလိုက်တာ” ဟု ပြောသည်။

အဆိုပါ အမှုအတွက် ပြီးသည့် နိုဝင်ဘာလ ၂၈ရက်နေ့တွင် နောက်ထပ် ပုဒ်မနှစ်ခုဖြင့် ထားဝယ်ထောင်တွင်း အထူးတရားရုံးမှ ထပ်မံ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ထောင်ဒဏ် ၁ နှစ် ယမန်နေ့က ထပ်တိုးချမှတ်ခဲ့ခြင်းကြောင့် လက်ရှိစုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်ရှိသွားပြီ ဖြစ်သည်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီ၏ ထောင်တွင်းတရားရုံးက ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရွေးကောက်ပွဲ ဥပဒေဖောက်ဖျက်သည်ဟု စွပ်စွဲပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က ဖြင့် ထပ်တိုး ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဦးမြင့်မောင်ကို ယမန်နှစ် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှု ဥပဒေ ပုဒ်မ-၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ဒေသဖွံ့ဖြိုး ရေးရန်ပုံငွေများအား စည်းမျဉ်းများနှင့် အညီ သုံးစွဲခြင်းမရှိဟု စွပ်စွဲကာ ပြည်သူ့ဝန်ထမ်းက ရာဇဝတ် မကင်း သော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ် ၇ နှစ်တို့ဖြင့် စုစုပေါင်း ပြစ်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“နောက်ထပ် တရားရင်ဆိုင်ဖို့ အမှုကတော့ လက်ရှိမှာ မကျန်တော့ဘူးလို့ သိရပေမယ့် ယုံကြည်လို့ မရနိုင်သေး ပါဘူး။ ဘာလို့လဲဆိုတော့ အခု အမိန့်ချလိုက်တဲ့ အမှုကလည်း တပ်ချင်တဲ့ ပုဒ်မနဲ့ တပ်ပြီး နှစ်ထပ်တိုးလို့ရအောင် လုပ်ချင်တာ လုပ်ခဲ့ကြတာမို့ပါ” ဟု ထောင်တွင်းတရားရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

နှစ်ရှည်ထောင်ဒဏ် ချခံထားရသည့် ဦးမြင့်မောင်ကို ထားဝယ်ထောင်တွင်း၌ တစ်ဦးတည်း သီးသန့် တိုက်ပိတ် ထားသည့်အတွက် သတင်းအချက်အလက် သိရှိခွင့်လည်း မရှိဘူးဟု မိသားစုနှင့်နီးစပ်သူများက ပြောသည်။

ထို့အပြင်ကျန်းမာရေးစောင့်ရှောက်ခွင့်လည်း လုံလောက်စွာမရဘူး ဟု ဆိုသည်။