အကျဉ်း ဦးစီးမှူး တစ်ဦး PDF များ ဖမ်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မြိတ်-ထားဝယ် လမ်းမကြီးပေါ် တွင် ဒေသခံ ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ဆေးရေး ပြုလုပ်နေချိန် ကော့သောင်းအကျဉ်းထောင်မှ ဦးစီးမှူး တဦးကို ဖမ်းဆီးမိခဲ့သည်။

မြိတ်-ထားဝယ် ကားလမ်းမကြီးပေါ်ရှိ ကဒဲကျေးရွာ အနီးတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်က ဆီအုန်းသီးများ တင်ဆောင်လာသည့် ယာဉ်ပေါ်၌ ခရီးသည် ဟန်ဆောင်ကာ အရပ်ဝတ်ဖြင့် လိုက်ပါလာသူ ကော့သောင်း အကျဉ်းထောင် ဦးစီးမှူး ဦးသီရစိုး ကို စစ်ဆေး ဖမ်း ဆီးခဲ့သည်ဟု ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PRDF မှ သတင်း ထုတ်ပြန်ခဲ့သည်။

“ကျန်တဲ့ ခရီးသည်တွေနဲ့ ကားကို ချက်ချင်း ပြန်လွှတ်ပေးလိုက်ပါပြီ။ လက်ရှိ သူ့ကို လုံခြုံတဲ့နေရာမှာ ထိန်း သိမ်းထားပါတယ်။ လတ်တလော စစ်မေးချက်အရတော့ ပုခုံးမှာ ရာထူး နှစ်ပွင့်ဖြစ်နေပြီလို့ ပြောတယ်။ သူ့ကို တာဝန် ရှိသူတွေရဲ့ ညွန်ကြားချက်တွေနဲ့ အညီ အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု မြိတ်ခရိုင်တပ်ရင်း (၁) မှ ပြန်ကြား ရေး တာဝန်ခံ တစ်ဦးက ပြောသည်။

အကျဉ်းထောင် ဦးစီးမှူး ဦးသီရစိုးအား ဖမ်းဆီးခြင်းကို မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် ပုလော ဒေသကာ ကွယ်ရေးတပ်ဖွဲ့ PRDF၊ ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF နှင့် အရိပ်ပြောက်ကျားတပ်ဖွဲ့ PSGF တို့က ပူး ပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဖမ်းမိရမိခဲ့သည့် အကျဉ်းဦးစီးမှူးနှင့်အတူ ငွေကျပ် ၁၇ သိန်း၊ ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ပြီး ကားနှင့် ကျန် ခရီးသည်များကိုမူ လွှတ်ပေးခဲ့သည်ဟု ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PRDF ၏ ထုတ်ပြန်ချက်ထဲ တွင် ဖေါ်ပြထားသည်။

မြိတ် – ထားဝယ် ကားလမ်းမကြီးပေါ်ရှိ ကဒဲရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိပြီး ပုလော-မြိတ် ပြည်ထောင်စုလမ်းပေါ်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များ က ယာဉ်များအား စစ်ဆေးလေ့ရှိသည်။

ထိုသို့ စစ်ဆေးမှုများတွင် ပြည်သူများ ပူးပေါင်း ပါဝင်ပေးကြရန်၊ ယာဉ်ကြီး/ယာဉ်ငယ်များ အနေဖြင့် မှန်ချမောင်းနှင်ရန်နှင့် စစ်ဆေးမှုများကို ကြည်ဖြူစွာ လက်ခံပေးရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ပြောဆိုထားသည်။

အလားတူ ပြည်သူများ၏ ကားများ၊ ယာဉ်များအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တန်းများနှင့် နီးကပ်စွာ မောင်းနှင်ခြင်းများ ရှောင်ရှားကြရန်လည်း သတိပေးပြောဆိုထားသည်။

ထို့အပြင် မြိတ် – ထားဝယ် ကားလမ်းမကြီးနှင့် ပုလော-မြိတ် ပြည်ထောင်စုလမ်းပေါ်တွင် ကန့်သတ်ချိန်အတွင်း ဖြတ်သန်းမောင်းနှင်သည့် ယာဉ်များကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ သတင်းထုတ်ပြန်ထားသည်။