ကြက်သွန်နီ ဈေးပြန်ရ၊ စိုက်သူများပြားလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်၊။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကြက်သွန်နီ ဈေးနှုန်းများ မြင့်တက်လာ၍ မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင်တွင် စိုက်ပျိုးသူ ပိုများလာသည်ဟု ဒေသခံများက ပြောသည်။
ယခင်နှစ်က ဧကဝက်ခန့်သာ စိုက်ပျိုးသူသည် ယခုနှစ်တွင် ၂ ဧက၊ ၃ ဧကအထိ တိုးချဲ့စိုက်ပျိုးနေကြပြီး မျိုးဖိုး၊ ထွန်ယက်မြေပြင်စရိတ်၊ စိုက်ပျိုးခ၊ ပိုးသတ်ဆေး၊ အပင်အရွက်အား တိုးဈေးနှုန်းတို့ ၃ ဆ ခန့် မြင့်တက်နေသော် လည်း ကျပ် သိန်း ၃၀ မှ ၄၀ ခန့်အထိ ရင်းနှီးပြီး စိုက်ပျိုးနေကြခြင်း ဖြစ်သည်ဟု ကြက်သွန်စိုက် တောင်သူများ က ပြောသည်။
ကြက်သွန်နီ ဈေးနှုန်းသည် ယခင်နှစ်များနှင့်မတူဘဲ တပိဿာကို ကျပ် ၄၅၀၀ မှ ကျပ် ၅၀၀၀ အထိ မြင့်တက် လာသဖြင့် ယခုကြက်သွန်စိုက်ပျိုးရာသီတွင် စိုက်ပျိုးသူပိုများလာခြင်း ဖြစ်သည်ဟု ပြောသည်။
ယခင်က ကြက်သွန်နီ၏ ပုံမှန်ဈေးနှုန်းမှာ တပိဿာကို ကျပ် ၅၀၀ မှ ကျပ် ၁၅၀၀ အထိသာရှိခဲ့ပြီး တရုတ် နယ် စပ်၊ ထိုင်းနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တို့တွင် ကုန်သွယ်ရေးက အထွက်မရှိပါက တပိဿာလျှင် ၂၅၀ ကျပ် မှ ၃၀၀ကျပ်အထိ ကျဆင်းသွားလေ့ရှိသည်ဟု ကြက်သွန်စိုက် တောင်သူများက ပြောသည်။
ကြက်သွန်စိုက် တောင်သူ တစ်ဦးက “ဝယ်တဲ့သူမရှိလို့ ပုတ်ပြီး လွင့်ပစ်ရအထိ ဖြစ်ခဲ့တဲ့ နှစ်တွေတောင်ရှိခဲ့တယ်“ ဟု ပြောသည်။
၂၀၂၂ ခုနှစ်တွင် ကြက်သွန်နီ အများဆုံးထွက်ရှိသည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ ရွာလုံးကျွတ် မီးရှို့ခံရမှုများ ဖြစ်ပွားခဲ့ပြီး ကြက်သွန်စိုက်တောင်သူများလည်း စစ်ဘေးရှောင်နေကြရ၍ ကြက်သွန် စိုက်ပျိုး နိုင် ခြင်းမရှိဘဲ ဈေးနှုန်းများပါ မြင့်တက်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အိမ်ရှင်မတဦးက “အခု တစ်ဆယ်သား ဈေးနှုန်းက အရင် တပိဿာဈေးနှုန်းဆိုတော့ ဘယ်လောက် တက်လဲ တွက်သာကြည့်ပေါ့“ ဟု ပြောသည်။
မြန်မာနိုင်ငံတွင် မိုးကြက်သွန်နှင့် ဆောင်းကြက်သွန် ၂မျိုးရှိပြီး စတင်စိုက်ပျိုးချိန်မှ ဥ ပေါ်ချိန် အထိ ၄ လ ခန့် အချိန်ကြာမြင့်ကာ တဧကစိုက်လျှင် ပိဿာချိန် ၆၀၀၀ မှ ၁၀၀၀၀ ကြားထွက်သည်ဟု ကြက်သွန်စိုက် တောင်သူများက ဆိုသည်။
ယခုနှစ်တွင် ကြက်သွန်စိုက်ပျိုးမှု ပိုများလာပြီး မကွေးတိုင်း သရက်ခရိုင်အတွင်း၌ ယခင်နှစ်များက စိုက်ပျိုးဧက ၂၈၀၀ ကျော်သာရှိသော်လည်း ယခုနှစ်တွင် ဧက ၃၀၀၀ ကျော်အထိ စိုက်ပျိုးထားသည်ဟု စိုက်ပျိုးရေး ဦးစီးဌာန ၏ စာရင်းများတွင် ဖော်ပြထားသည်။