တပ်ရင်းမှူး တစ်ဦး မှောင်ခို၊ လောင်းကစားနှင့် ပတ်သက်သည့်အပြင် ငွေတောင်းကြမ်းဟု နာမည်ထွက်

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ တပ်ရင်းတစ်ရင်း ဖြစ်သည့် ခလရ – ၂၇ က တပ် ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ထွန်းလင်းအောင်က သစ်မှောင်ခို လုပ်ငန်း လုပ်သည့်အပြင် လောင်းကစား ဝိုင်းများ ဖွင့်ခွင့်ပေးပြီး ငွေရှာနေသည်ဟု စစ်တပ် အသိုင်းအဝိုင်း နှင့် နီးစပ်သူများက ပြောသည်။

တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ထွန်းလင်းအောင်နှင့် ၎င်း၏ တပ်ရင်းသည် လက်ရှိတွင် သာပေါင်းမြို့နယ်၊ ကွင်း ပေါက်ရွာထဲ လာရောက်တပ်စွဲထားပြီး နယ်မြေစိုးမိုးရေး ကိစ္စများအတွက် ရောက်လာသူဖြစ်သည်ဟု အနောက် တောင်တိုင်း စစ်ဌာနချုပ် (နတခ) တပ်နယ် မိသားစု အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

သာပေါင်းမြို့နယ် ဒေသခံ တစ်ဦးက “သူက တော်တော်ဆိုးတယ်။ သူ့ကို လိုင်းကြေးမပေးတဲ့ လောင်းကစား ဒိုင် တွေ နှစ်လုံး သုံးလုံးဒိုင်တွေ မီးသွေးဖုတ်တဲ့သူတွေ သစ်ကုန်သည်တွေ ဆိုရင် သေနတ်ဖောက်ပြီး လိုင်းကြေး အတောင်းခံရတာ” ဟု ပြောသည်။

သာပေါင်းမြို့နယ် ကွင်းပေါက်ကျေးရွာတွင်လည်း လောင်းကစားဝိုင်းများ လုပ်ခွင့်ပေးပြီး အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးများ က အာမခံကာ လိုင်းကြေး တောင်းပေးရသည့်အပြင် ငွေ(လိုင်းကြေး) မပေးသည့် လောင်းကစား ဝိုင်းများကို ၎င်းက ဖမ်းဆီးခိုင်းသည်ဟု ဒေသခံများက ပြောသည်။

လောင်းကစား ဒိုင်များကို လိုင်းကြေးယူကာ ဖွင့်ခွင့်ပေးထားပြီး သာပေါင်း၊ ပုသိမ်၊ ငပုတောဘက်က သစ်များကို ရေလမ်းမှ စက်လှေ၊ သင်္ဘောတို့ဖြင့် မှောင်ခို ခိုးထုတ်နေခြင်းဖြစ်ကာ စက်လှေနှင့် သင်္ဘောများကို စစ်လိုက်ပါ က ဒုတိယ ဗိုလ်မှူးကြီး ထွန်းလင်းအောင် အမည်ဖြင့် မျောစာပါသော သစ်က အများစု ဖြစ်နေသည်ဟု ရေ ကြောင်းရဲတပ်ဖွဲ့ နှင့် နီးစပ်သူ အချို့၏ ပြောပြချက်အရ သိရသည်။

ဒုတိယ ဗိုလ်မှူးကြီး ထွန်းလင်းအောင် က သာပေါင်းမြို့နယ်ဘက်မှ ငါးဖမ်းထွက်သည့် စက်လှေများကိုလည်း ဒီဇယ်ဆီ ပေပါ တစ်လုံးအပြင် သူ့စိတ်ကြိုက် ငွေတောင်းယူပြီးမှ ငါးဖမ်းခွင့်ပေးကြောင်း ဖမ်းဆီးရလာသည့် ကင်းပုဇွန်၊ ဂဏန်းပျော့၊ ငါးခြောက်များကိုလည်း နတခ စစ်တိုင်းမှူးကို ပေးရန်ဟု ဆိုကာ စိတ်ကြိုက် သိမ်းယူ မှုများ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

“အတော် ငွေတောင်းကြမ်းတယ်။ အတင်းအကြပ် တောင်းတာ။ ဆက်ကြေး ပေးနေရသလိုပဲတဲ့။ သူ့ရဲ့ တစ်လ ဝင်ငွေက သိန်းရာချီလောက်ကတော့ သာသာထိုးထိုးရှိတယ်” ဟု သူ၏ တပ်ရင်းက တပ်ဖွဲ့ဝင် မိသားစုများနှင့် နီးစပ်သူတစ်ဦး က ပြောသည်။

တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင် အုပ်ချုပ်ရသော တပ်ခွဲ အချို့ ဖျာပုံမြို့နယ် နှင့် မအူပင် မြို့နယ် တို့တွင် ရှိနေပြီး ယင်းတပ်ခွဲများမှ တပ်ရင်း ရန်ပုံငွေ ခေါင်းစဉ်ဖြင့် ၎င်းကို လစဉ် ပုံမှန် ငွေပေးပို့ရသည့် အပြင် ၎င်းအတွက် သီးသန့် ကန်တော့ကြေးဟု ဆိုပြီးလည်း ပေးရသေးသည်ဟု တပ် အသိုင်းအဝိုင်းထံမှ သိရသည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ ခရလ – ၂၇ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ထွန်း လင်းအောင်သည် DSA အပတ်စဉ် (၄၆) သင်တန်းဆင်း တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူမှာ မအူပင်မြို့ရှိ နည်းပညာ အထက်တန်းကျောင်းက ဒု-ကျောင်းအုပ် တစ်ဦး ဖြစ်သည်။

စွပ်စွဲချက်များကို တုန့်ပြန်ရန် တပ်ရင်းမှူးအား ဆက်သွယ်၍ မရပါ။