မော်လမြိုင် ကျောင်းသား တစ်ဦးအား ထောင်ဒဏ် ၁၃ နှစ် ချမှတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။

မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသားတစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၃ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း မော်လမြိုင်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။

ရူပဗေဒနောက်ဆုံးနှစ် ကျောင်းသား ကိုမျိုးသူရအောင်ကို ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်တွင် ၅ လ ကျော်ကြာ ဖမ်းဆီးချုပ် နှောင်ထားခဲ့ပြီးနောက် စစ်ကောင်စီက ပုဒ်မ ၂ ခုဖြင့် တရားစွဲဆိုခဲ့သည်။

စစ်ကောင်စီက စွဲဆိုထားသည့် ပုဒ်မ ၂ ခုအနက် ပုဒ်မတစ်ခုအတွက်ကို ဒီဇင်ဘာ ၂၇ ရက်နေ့က ဘားအံ အကျဉ်း ထောင် အထူးတရားရုံးမှ ထောင်ဒဏ် ၁၃ နှစ် အမိန့်ချမှတ်ခဲ့သည်ဟု မော်လမြိုင်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက “စစ်တပ်က ကျောင်းသားတွေကို မတရားဖမ်းဆီးတယ်၊ ပြီးတော့ ကြိုက်တဲ့ပုဒ်မတပ်ပြီး ထောင်ချနေတယ်၊ သတ်ဖြတ်တယ် ဒီလိုစစ်အာဏာရှင် ရဲ့ လုပ်ရပ်တွေကို ကျနော်တို့ လက်ခံနိုင်စရာမရှိဘူး၊ စစ်အာဏာရှင်ကို တိုက်ထုတ်ကြရမယ်” ဟု ပြောသည်။

မော်လမြိုင်တက္ကသိုလ်၊ ရူပဗေဒနောက်ဆုံးနှစ်ကျောင်းသား ကိုမျိုးသူရအောင်ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဇွန် ၃၀ ရက်နေ့၊ ညနေပိုင်း အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်တွင် ချုပ်နှောင်ထားခဲ့သည်။

ရူပဗေဒနောက်ဆုံးနှစ်ကျောင်းသား မျိုးသူရအောင်သည် မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ စတုတ္ထ အကြိမ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ မှတ်တမ်းနှင့် သုတေသန တာဝန်ခံဟောင်းတစ်ဦးလည်း ဖြစ်သည်ဟု မော် လမြိုင် ကျောင်းသားများသမဂ္ဂ က ထုတ်ပြန်ထားသည်။

မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ သုတေသနကော်မတီ၏ စစ်တမ်းမှတ်စုအရ ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီ ၁ ရက်နေ့မှ စတင်၍ ယနေ့အချိန်အထိ စစ်အာဏာသိမ်းကာလအတွင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသား ကိုမျိုးသူရ‌အောင် အပါအဝင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၇၈ ဦး ဖမ်းဆီးခံထားရသည်ဟုလည်း ထုတ် ပြန်ထားသည်။

ထို့အပြင် စာရင်းထဲမပါဘဲ ဖမ်းဆီးခံထားရသည့် ကျောင်းသားကျောင်းသူများလည်း ကျန်ရှိနေသေးသည်ဟု လည်း မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဆိုသည်။