ကုလ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်နှင့် အမေရိကန်ကို လူ ၂၀ လောက် ဆန္ဒပြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်နှင့် အမေရိကန်နိုင်ငံကို လူဦးရေ ၂၀ ခန့်က ကန့်ကွက် ဆန္ဒပြခဲ့သည်ဟု မြို့ခံများက ပြောသည်။

ပုသိမ်မြို့ခံမဟုတ်သည့် လူစိမ်းအများစုက ဟန်ပြသဘောမျိုးဖြင့် ခဏတာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်ဟု မျက် မြင်တွေ့ရှိသူ ပုသိမ်ဒေသခံများက ပြောသည်။

“ပုသိမ်မြို့ခံတွေတော့ မဟုတ်ဘူး။ မျက်နှာစိမ်းတွေဗျ၊ မိုက်ကန်းကန်း ရုပ်တွေ ဆန္ဒပြတာလည်း ခဏပါပဲ။ ဆိုင်း ဘုတ်တွေကိုင်ပြီး ဓာတ်ပုံရိုက်ခံတာလောက်ပါ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

ပုသိမ်မြို့၊ အမှတ် – ၃ ရပ်ကွက်၊ ဂေါက်ကွင်းရှေ့၊ မဟာဗန္ဓုလလမ်းပေါ်တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၈ နာရီ အချိန်ခန့်က စစ်ကောင်စီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ USDP ကို ထောက်ခံသူများ၊ မဘသအဖွဲ့ ဝင်များ အင်အား ၂၀ ခန့်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်နှင့် အမေရိကန်အစိုးရကို ရှုတ်ချ ကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံအချို့က ပြောသည်။

ဆန္ဒပြနေသူများကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ခန့်က လုံခြုံရေးယူပေးထားပြီး ဓာတ်ပုံ ရိုက်နေသူ ၃ ဦးခန့်မှာ ပုသိမ်မြို့မှ USDP ပါတီဝင်များဖြစ်သည်ဟု မြို့ခံများက ပြောသည်။

မြို့ခံတစ်ဦးက “ဆန္ဒပြတဲ့အထဲက နှစ်ယောက်ကိုတော့ မဘသအမာခံ နှစ်ယောက်ဆိုတာသိတယ်။ အရင်က တပ် ထောက်ခံပွဲတွေ လုပ်တိုင်း အမြဲပါနေကျ။ ဘာခံယူချက် ဘာနိုင်ရေးမှ သိလို့ ရှိလို့ မဟုတ်ဘူး။ ပိုက်ဆံရလို့ လုပ် နေကြတာ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် စသည့်အချက်များကို ဗြိတိန်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အဆိုတင်သွင်းခဲ့ရာ ဒီဇင်ဘာလ ၂၁ ရက်နေ့က အတည်ပြုခဲ့သည်ကို စစ်ကောင်စီ၏ နိုင်ငံခြားရေး ဌာနက ကန့်ကွက်ခဲ့သည်။

အမျိးသား ညီညွတ်ရေးအစိုးရ NUG၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC၊ ပြည်ထောင်စု လွှတ် တော် ကိုယ်စားပြုကော်မတီ CRPH၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ EAOs များကို ကူညီထောက်ပံ့ပေးမည့်အချက်များ ထည့်သွင်းရေးဆွဲထားသည့် အမေရိကန် အမျိုးသား ကာကွယ် ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ NDAA ကိုလည်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်ကိုလည်း စစ်ကောင်စီက ကန့်ကွက်ခဲ့သည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်လည်း ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ အမေရိကန်သံရုံးနှင့် ကမ်းနားလမ်းရှိ ဗြိတိန် သံရုံးများရှေ့တွင် စစ်ကောင်စီကို ထောက်ခံသူအချို့က ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် နှင့် အမေရိကန် အစိုးရကို ဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒပြခဲ့ကြသည်။