လောင်းလုံး ပြည်သူ့ ကာကွယ်ရေးက ပျူစောထီး မိသားစု ၃ ဦးကို ပစ်ခတ် ခဲ့ဟု ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်က တပ်ကြပ်ကြီး တစ်ဦးနှင့် ပျူစောထီး မိသားစုဝင် ၃ ဦးတို့ကို ပစ်ခတ်ရှင်းလင်းခြင်းခဲ့သည်ဟု လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ပြောသည်။

လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ အမှတ် ၁၂ ရပ်ကွက်တွင် နေထိုင်သည့် ပျူစောထီးခေါင်းဆောင် ဦးစိုး သိန်း အသက် ၆၀ နှစ်၊ သမီးဖြစ်သူ မအေးလဲ့ထွေးနှင့် သားမက်ဖြစ်သူ ကိုနိုင်ဦးတို့ ၃ ဦးကို ၎င်းတို့နေအိမ်မှာပင် လူ ၆ ဦးက လာရောက် ပစ်ခတ်သွားသည်ဟု ဒေသခံများက ပြောသည်။

“သေနတ်သံက ဆယ်ချက်နီးပါးလောက် ပစ်သံကြားရတာ၊ သူတို့မိသားစု တစ်အိမ်လုံးက လက်နက်ကိုယ်စီ ကိုင်ထားကြတဲ့ ပျူစောထီးအဖွဲ့ဝင်တွေပါ” ဟု အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်က ကျေးရွာပျူစောထီးခေါင်းဆောင် ဦးစိုးသိန်းနှင့် မိသားစုဝင်များ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဦးစိုးသိန်းမှာ ဦးခေါင်း ကျည်ထိမှန်ဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး သမီးဖြစ်သူမှာ ရင်ဘတ်တွင် ဒဏ်ရာတစ်ချက်၊ ဘယ်ဖက်ပုခုံးတွင် နှစ်ချက် ကျည်ထိမှန်ခဲ့ပြီး၊ သားမက်ဖြစ်သူ လည်း ဆီးခုံနှင့် ဘယ်ပါးရိုး တို့တွင် ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

သေဆုံးသူ ဦးစိုးသိန်း၏ အလောင်းနှင့် ဒဏ်ရာရသွားသူ ၂ ဦး တို့ကို အရေးပေါ်လူနာတင်ယာဉ်ဖြင့် ထားဝယ် ဆေး ရုံကြီးသို့ သယ်ဆောင်သွားပြီး သမီးနှင့်သားမက်မှာ အသက်အန္တရာယ်စိုးရိမ်နေရပြီး လက်ရှိတွင် အရေးပေါ် ဆေး ကုသမှုခံယူနေရသည်ဟု ဆိုသည်။

သားမက်ဖြစ်သူ ကိုနိုင်ဦးမှာလည်း စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ကာ ယောက္ခမနှင့်အတူ ပျူစောထီးသင်တန်း များ ပေးနေပြီး သမီးဖြစ်သူမှာ ငွေကြေးမက်လုံးပေး၍ အဖွဲ့ဝင် လူသစ်စုဆောင်းမှု တာဝန်ယူထားသည်ဟု ဒေသ ခံများက ပြောသည်။

အလားတူ ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်မှာပင် လောင်းလုံး – ကျောက်နီမော် ကျေးရွာသွား လမ်းပိုင်းတစ်နေရာတွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးလာသူ တစ်ဦးကို မသင်္ကာသဖြင့် စစ်ဆေးမှုပြုရန် ရပ်တန့် ခိုင်းရာ ရပ်တန့်မပေးဘဲ ဆက်လက်မောင်းနှင် ထွက်ပြေးခဲ့သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရသည် ဟု LLPDF အဖွဲ့ က ထုတ်ပြန်ထားသည်။

ပစ်ခတ် ရှင်းလင်းခြင်းခံရသူမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ဦးပြုံးချို ကိုယ်ပိုင်အမှတ် တ/၂၂၅၈၅၆ ဆို သူဖြစ်ပြီး ၎င်းထံမှ စစ်ယူနီဖောင်း ၂ စုံ၊ ခရာကြိုး ၁ခု၊ စာကြည့်မျက်မှန် ၁လက်၊ ကျောပိုးအိတ် ၁လုံး၊ ဘေး လွယ်အိတ် ၁လုံး၊ ဖုန်း ၁လုံး၊ ဆိုင်ကယ် ၁စီး၊ ငွေ ၂၅၃၀၀ကျပ်၊ နံပါတ်တူ မှတ်ပုံတင် ၂ခု၊ အခြား စာရွက်စာတမ်း များနှင့် ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဖေါ်ပြထားသည်။

အဆိုပါ တပ်ကြပ်ကြီးနှင့် ပျူစောထီးအဖွဲ့ဝင်များ ပစ်ခတ်ရှင်းလင်းမှုများကို လောင်းလုံး – ပကဖ LLPDF တပ်ဖွဲ့ က လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး ကျေးရွာနေ ပြည်သူများနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်း LLPDF က ထုတ်ပြန် ထားသည်။