လောင်းလုံး မင်္ဂလာဆောင် တစ်ခုတွင် မိုင်း နှစ်လုံး ပေါက်ကွဲ၊ ဒေသခံ pdf က ၎င်းတို့လက်ချက်မဟုတ်ဟု ဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း မင်္ဂလာဆောင်ပွဲတစ်ခုတွင် မိုင်းနှစ်လုံးပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ရွာသားများ က ပြောသည်။
ဝေဒီကျေးရွာအရှေ့ပိုင်းရှိ ဦးတင်အေး ဒေါ်အေးချစ်တို့နေအိမ်၌ ပြုလုပ်နေ သည့် မင်္ဂလာဆောင်တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၈ နာရီခန့်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုနှင့် ပတ်သက်၍ လောင်းလုံး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် LLPDF က ၎င်းတို့လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်း၊ ယခုလုပ်ရပ်ကို လည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထိုနေ့ နေ့လည်ပိုင်းမှာပင် သတင်းထုတ်ပြန်ငြင်းဆိုထားသည်။
အသက် ၄၅ နှစ် အရွယ် ဝေဒီရွာသားတစ်ဦး က “ရှေ့နောက်ဆင့်ပြီး ဂျိမ်း ဆိုတဲ့ ပေါက်ကွဲသံ နှစ်ချက် ကြားတယ် ရတယ်။ အသံချဲ့စက် ဆောင်းဘောက်ပုံး အနား က ထပေါက်တာ။ လူတွေ ကြောက်လန့်ပြီး ပြေးတဲ့သူပြေးနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာ” ဟု ပြောသည်။
ဝေဒီကျေးရွာ၌ အရှေ့ပိုင်း နှင့် ကွက်သစ်ရပ်ပိုင်းတို့တွင် မင်္ဂလာဆောင်ပွဲ ၂ ခု ရှိခဲ့ပြီး ရွာအရှေ့ပိုင်းတွင် ပြုလုပ်နေ သည့် မင်္ဂလာပွဲတွင် မိုင်းပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
မိုင်းပေါက်ကွဲမှုကြောင့် ဝေဒီရွာသားများဖြစ်သည့် ဦးဖေဝင်း၊ ဒေါ်အေးမူ၊ မရှမ်းမအို၊ မဖြူမာအောင်၊ မမီးပြည့် နှင့် အခြားကျေးရွာမှ ဧည့်သည်တစ်ဦးတို့ ဒဏ်ရာပြင်းထန်ခဲ့ပြီး အနည်းငယ်ပွန်းပဲ့သူများ အပါအဝင် စုစုပေါင်း ၁၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည် ဟု ရွာသားများက ပြောသည်။
ဒဏ်ရာရရှိသူများကို အရေးပေါ် လူနာတင်ယာဉ် ၃ စီးဖြင့် ထားဝယ်ဆေးရုံကြီးသို့ တင်ဆောင်သွားခဲ့သည်ဟု ရွာသားများက ဆိုသည်။
ဝေဒီကျေးရွာအတွင်း ပြုလုပ်မည့် မင်္ဂလာဆောင်ပွဲ တစ်ပွဲကို လျှင် ငွေကျပ်နှစ်သိန်းပေးဆောင်ရန် ပျူစောထီး စွန်ရဲအဖွဲ့က ရံပုံငွေအဖြစ် သတ်မှတ်ထားသည်ကို ပေးဆောင်ခဲ့ခြင်း မရှိခဲ့ခြင်းကြောင့် ပျူစောထီးများက PDF တပ်ဖွဲ့များ ပြုလုပ်သည့် ပုံဖမ်းကာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။ သို့သော် သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
နောက်ထပ်ဆောင်ရွက်ရန် ကျန်ရှိသည့် မင်္ဂလာဆောင်ပွဲများ ဆက်လက်ပြုလုပ်ရန် ယခုကဲ့သို့သော ဖြစ်ရပ်မျိုး ထပ်မံ ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်ပူပန်လျက်ရှိနေသည် ဟု ရွာသားတစ်ဦးက ပြောသည်။
စစ်ကောင်စီနှင့် လက်အောက်ခံ ပျူစောထီးအဖွဲ့များက PDF တပ်ဖွဲ့များ၏ တော်လှန်ရေး ပုံရိပ် ကျဆင်းစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ပြည်သူများ အထင်မြင်လွဲမှားစေရန် ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် PDF တပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် လူစုလူဝေး နေရာများသို့ သွားလာခြင်းများ ရှောင်ကျဉ်ကြရန်နှင့် အချိန်နှင့်အမျှ အထူးသတိရှိကြပါရန် လောင်းလုံးပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ LLPDF က ထုတ်ပြန်ထားသည်။