လူမှု ဝန်ကြီးမှ အပါ ဧရာဝတီတိုင်းရှိ ကျန် အစိုးရ အဖွဲ့ဝင်များအား ပြန်လွှတ်ပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။
ဒေါက်တာလှမြတ်သွေးမှအပ ဖမ်းဆီးထားသော ဧရာဝတီတိုင်း အစိုးရ အဖွဲ့ဝင်များအား ပြန်လွှတ်ပေးခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီအသိုင်းအဝိုင်းထံမှ သိရသည်။
ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် အပါဝင် ဝန်ကြီးများနှင့် လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌတို့ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု NLD ပါတီအသိုင်းအဝိုင်းက ပြောသည်။
တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး ၅ ဦးနှင့် လွှတ်တော် ဒု-ဥက္ကဋ္ဌ တို့ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း NLD ပါတီဝင်အချို့ကအတည်ပြုပြောဆိုသည်။
ဦးလှမိုးအောင် မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက “ဝန်ကြီးချုပ် ဦလှမိုးအောင်နဲ့ လွှတ်တော် ဥက္ကဋ္ဌ ဦးအောင် ကျော်ခိုင်တို့လည်း လွတ်ပါပြီ။ ဦးလှမိုးအောင်က သူ့ဒေသ သပြေကုန်းရွာကို ရောက်နေပြီလို့သိတယ်” ဟု ပြော သည်။
သို့သော် “ကျန်တဲ့၀န်ကြီးတွေ အကုန် လွတ်တယ်။ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး သူတစ်ယောက်ပဲ ပုသိမ်ထောင်ကို အပို့ခံရတာ။ မလွတ်ဘူးပေ့ါဗျာ၊ ဘယ်လို ဆက်ဖြစ်မလဲတော့ မသိသေးဘူး” ဟု အကျဥ်းဦးစီး ဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဒေါက်တာလှမြတ်သွေးကို ပြန်လွှတ်မပေးခြင်းမှာ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ကိုယ်စား CDM ဝန်ထမ်းများ အတွက် စာတစ်စောင်ကို ၎င်းက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟုလည်း NLD ပါတီ ဝင်များက သုံးသပ်ပြောဆိုသည်။
“အခုလို တိုင်းအစိုးရ အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးတာဟာ စစ်ကောင်စီက စေတနာရှိလွန်းလို့တော့ မဟုတ်နိုင် ဘူး။ နိုင်ငံတကာ ဖိအားတွေ အောက်ရောက်နေချိန်မှာ မျက်နှာကောင်းရဖို့ သက်သာ မလားရယ်လို့ ဖြေလျှော့ ပေးတာပဲ” ဟု ပုသိမ်မြို့က တက်ကြွလှုပ်ရှားသူတစ်ဦး က ပြောသည်။
ဧရာဝတီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီး ၆ ဦး၊ လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒု-ဥက္ကဋ္ဌတို့ အပါအဝင် စုစုပေါင်း ၉ ဦး ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ကတည်းက စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး နေအိမ် အကျယ်ချုပ် ချထားခဲ့ခြင်း ဖြစ်သည်။
“အဲ့ဒီတုန်းက စည်ပင်ဝန်ကြီး ဦးကျော်မြင့်ပဲ လွတ်မြောက်ခဲ့တာ။ လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် တစ် ယောက်ပဲ ကွင်းကောက်က တိုင်းဗဟို ၅ တန်းမြင့် လေ့ကျင့်ရေးကျောင်းမှာ ချုပ်ထားပြီး ကျန်တဲ့သူတွေက တော့ ဝန်ကြီးများ အိမ်ယာထဲမှာပဲ ချုပ်ထားတာ” ဟု NLD လွှတ်တော် ကိုယ်စားလှယ်တစ်ဦး က ပြောသည်။
ယခုကဲ့သို့ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခြင်းမှာ စစ်ကောင်စီ အနေဖြင့် ရွေးကောက်ပွဲပြုလုပ်မည့် အချိန် နီးကပ်လာခြင်းကြောင့် ပြည်သူလူထုကို စည်းရုံးရန် နည်းလမ်းတစ်မျိုးလည်း ဖြစ်နိုင်သည်ဟု ပုသိမ် NLD အသိုင်းအဝိုင်းနှင့် ဒေသတွင်းရှိ တက်ကြွလှုပ်ရှာသူအချို့က ပြောသည်။
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီမှ ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ဝန်ထမ်းများ၊ လူမှူရေး အသင်းအဖွဲ့ ဝင်များကို ရွေးကောက်ပွဲ ဆိုင်ရာ သင်တန်းများ တက်ရောက်ကြရန် ညွှန်ကြားထားသည်ဟု ဒေသခံများက ပြော သည်။