ငါးသိုင်းချောင်း မြို့ခံ ၃ ဦးအား ဖမ်းဝရမ်း ထုတ်သည့်စာများ မြို့အနှံ့ ကပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သည့် ဧရာဝတီတိုင်းအတွင်းက တနှစ်ကျော် အကြာ တိမ်းရှောင် နေ သည့် ငါးသိုင်းချောင်းမြို့ခံ ၃ ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်သည့် စာများကို မြို့အနှံ့တွင် လိုက်ကပ်နေ သည်ဟု မြို့ခံများက ပြောသည်။
ငါးသိုင်းချောင်းမြို့၊ အောင်ဆန်းရပ်ကွက်က ဦးလှိုင်ဝင်းလှိုင်၊ ကိုအောင်သက်ထွေး (ခေါ်) ဗလကြီး နှင့် မြို့မရပ် ကွက်က ကိုကြည်ဖြိုးလင်း တို့ကို ဖမ်းဝရမ်းထုတ်သည့် စာများအား မြို့၏ လူစည်ကားသည့် နေရာများတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်၍ လိုက်ကပ်နေသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများက ပြောသည်။
“မြို့အဝင် နေရာ၊ လမ်းဆုံ လမ်းခွတွေ ဈေးတွေမှာ လိုက်ကပ်နေကြတယ်။ လက်ဖက်ရည်ဆိုင်တောင် မချန်ဘူး အကုန် လိုက်ကပ်နေတယ်“ ဟု မြို့ခံတစ်ဦး က ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ ငါးသိုင်းချောင်း နယ်မြေ ရဲစခန်းက ဝရမ်းထုတ်ခံရသူ ၃ ဦးကို တိုင်ကြားခဲ့ခြင်း ဖြစ် ပြီး ကျုံပျော်မြို့ရှိ တရားရုံးတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လာရောက် ဖြေရှင်းရမည်ဟု နေရာအနှံ့ လိုက်ကပ် ထားသည့် ဝရမ်းစာထဲတွင် ဖေါ်ပြပါရှိသည် ဟု ဒေသခံများက ပြောသည်။
ဖမ်းဝရမ်းထုတ်ခံရသည့် ဦးလှိုင်ဝင်းလှိုင်၊ ကိုအောင်သက်ထွေး (ခေါ်) ဗလကြီးနှင့် ကိုကြည်ဖြိုးလင်းတို့ ၃ ဦးမှာ ၎င်းတို့၏ မြို့တွင် ရှိမနေတော့သည်မှာ တစ်နှစ်ခွဲကျော် ရှိပြီဟု ဒေသခံအချို့က ပြောသည်။
ယခုကဲ့သို့ တနှစ်ကျော်ကြာမှ ဖမ်းဝရမ်းများ မြို့အနှံ့တွင် လိုက်ကပ်နေသဖြင့် မြို့ခံများကြားတွင် မလုံခြုံမှု၊ စိုးရိမ် မှုများ မြင့်နေကြရသည်ဟု ဒေသခံများက ဆိုသည်။
“အခု ဒီဇင်ဘာလ အတွင်းမှာလည်း တောက်လျှောက် လုံခြုံရေး တင်းကြပ်ထားတယ်။ ဧည့်စာရင်းတွေက နေ့ တိုင်းလို စစ်နေတယ်။ ဒလန်တွေကလည်း ခြေရှုပ်နေတယ်” ဟု ငသိုင်းချောင်း မြို့ခံတစ်ဦး က ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယပတ်တွင်လည်း စစ်တပ် သတင်းပေး ဒလန်တစ်ဦး၏ သတင်းပေးမှုကြောင့် ဒေသ အတွင်း အခြားဒေသတစ်ခုက လာရောက် တိမ်းရှောင်နေသည့် CDM ဆရာမ တစ်ဦး နှင့် လက်ခံထားသည့် အိမ် ရှင်တစ်ဦးတို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု မြို့ခံများက ပြောသည်။
ငါးသိုင်းချောင်း မြို့နယ်၊ ငဝန်မြစ် အနောက်ဘက်ခြမ်း ဒေသသည် စစ်ကောင်စီ နှင့် စစ်ရေး နိုင်ငံရေး တင်းမာနေ သော ရခိုင်ပြည်နယ်နှင့် နယ်မြေ ထိစပ်နေသည်။
ထို့အပြင် ငါးသိုင်းချောင်းမြို့နယ်ထဲ့ ငဝန်မြစ် အနောက်ဘက်ခြမ်း ဒေသသည် ဧရာဝတီတိုင်း အတွင်းရှိ အခြား မြို့နယ်များအနက် တောတောင်ထူထပ်သည့် ဒေသတစ်ခုအဖြစ် ပါဝင်နေပြီး စစ်ကောင်စီတပ်များက နယ်မြေ စိုး မိုးရေး မကြာခဏ လုပ်လေ့ရှိသည့် ဒေသတခုလည်း ဖြစ်သည်။