စစ်ကောင်စီဝန်ထမ်းများ ပါဆယ်များ သတိဖြင့် လက်ခံရန် ညွန်ကြား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။

နှစ်သစ်ကူးကာလတွင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာက ဝန်ထမ်းများ အနေဖြင့် လက်ဆောင် ပါဆယ် ထုတ်များ ပေးပို့လက်ခံသည့် ကိစ္စနှင့် ပတ်သက်၍ ဂရုစိုက် သတိထားကြရန် စစ်ကောင်စီက လျို့ဝှက် ညွှန် ကြားချက် စာပေးပို့ထားသည်ဟု ဧရာဝတီတိုင်း စစ်ကောင်စီလက်အောက်ခံ ရုံးဝန်ထမ်း အချို့က ပြောသည်။

နေပြည်တော် အပါအဝင် နိုင်ငံတဝန်းလုံးက စစ်ကောင်စီ လက်အောက်ခံ ရုံးများကို လက်ဆောင် ပေးပို့သည့် ပါဆယ်ထုပ်များဖြင့် တိုက်ခိုက်လာနိုင်ကြောင်း နေပြည်တော် စစ်ကောင်စီရုံးက လျှို့ဝှက်ညွန်ကြားချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်ဟု ပြောသည်။

ဧရာဝတီတိုင်း စီမံရေးရာ အုပ်ချုပ်ရေးမှူးရုံး နှင့် နီးစပ်သူတစ်ဦးက “အဓိက ကတော့ အရာကြီးပိုင်း နဲ့ အရာရှိ ငယ်တွေကို လ/ဝ နဲ့ ရည်ညွှန်းတာပါ။ အခြေခံ ဝန်ထမ်းတွေကတော့ အသက် နဲ့ ရင်းပြီး အရာရှိဆီ ပို့တဲ့ လက် ဆောင်တွေကို စစ်နေရတယ်” ဟု ပြောသည်။

ဒီဇင်ဘာ ၂၅ ရက်နေ့ က စတင်ကာ ခရစ္စမတ်ရာသီနှင့် ခရစ်နှစ်သစ်ကူး ၂၀၂၃ ခုနှစ် နှစ်ကူးကာလအတွင်း အထူး သတိထားကြရန် စစ်ကောင်စီ လျို့ဝှက်ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ရုံးဝန်ထမ်းများက ပြော သည်။

ထိုညွှန်ကြား ချက်ထွက်ပြီး နောက်ပိုင်း ဧရာဝတီတိုင်း အတွင်းက စစ်ကောင်စီ လက်အောက်ခံရုံး အသီးသီးက ဝန်ထမ်းများကို အစည်းအဝေးခေါ် ယူကာ သတိပေးပြီး ဧရာဝတီတိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင် ရာ ရုံးများအားလုံးတွင် လုံခြုံရေးတိုးမြှင့်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

“ရုံးအားလုံးကို ညွှန်ကြားချက် ရောက်နေတာ ၄ ရက်ကျော်လောက် ရှိနေပြီ။ လန့်နေကြရတယ်။ သေရင် ကိုယ် က အရင်သေရမှာ။ အဘကြီး အဘငယ် တွေက လုံခြုံရေး အပြည့်နဲ့ နေကြရတာ” ဟု ပုသိမ်မြို့က ထွေအုပ်ရုံး ဝန်ထမ်းတစ်ဦး က ပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့် သီတင်းကျွတ်၊ တန်ဆောင်တိုင် မီးထွန်းပွဲတော် ကာလတုန်းကလည်း ကန်တော့ခံ လက်ဆောင် ပစ္စည်းများကို အထူး သတိထားကြရန် ညွှန်ကြားချက် ထုတ်ခဲ့သေးသည် ဟု စစ်ကောင်စီ လက် အောက်ခံ ရုံးဝန်ထမ်းများက ပြောသည်။

ထို့အပြင် စစ်ကောင်စီက ၎င်း၏ လက်အောက်ခံ ရုံးဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းများကို ဝန်ထမ်း အဆောင် အယောင် နှင့် ဝန်ထမ်း သက်သေခံ အထောက်အထား ကဒ်များ ယူဆောင်၍ ခရီးမသွားကြရန် ညွှန်ကြားချက် ၂၀၂၂ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သေးသည်။