စစ်ကောင်စီ သတင်းပေးဆိုသူ တစ်ဦးအား ဝေါ PDF ရှင်းလင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် စစ်ကောင်စီ သတင်းပေးအဖြစ် နာမည်ကြီးနေသော ပျူစောထီးတစ်ဦးအား ဝေါပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဝေါပကဖ)က ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ဒေသခံများက ပြောသည်။
၎င်းသည် သနပ္ပင်မြို့ရှိ အာဝါဒေးဝိုင်းမှ ပြန်လာစဉ် ကျုံပါချောင်းနှင့် ကုလားတဲစုကျေးရွာ နေရာအကြားတွင် ဝေါပကဖမှ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။
ဝေါပကဖမှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ အစကတည်းက အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။ စစ်ကောင်စီနဲ့ ပေါင်းနေတာတွေ ရပ်ဖို့ပေါ့။ ဒါကို မလိုက်နာပဲ ဆက်ကြေးကောက်၊ ဒလန် လုပ်နေလို့ ရှင်းလိုက်တာပါ” ဟု ပြောသည်။
အသက် ၃၅ နှစ် အရွယ်ရှိ ဦးတင်မောင်ထွန်းအား ဒီဇင်ဘာလ ၂၇ ရက်နေ့၊ ည ၁၁ နာရီအချိန်ခန့်တွင် ဝေါပကဖမှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ ဦးတင်မောင်ထွန်း ဆိုသူမှာ ဝေါမြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ပူးပေါင်းပြီး ပကဖ၊ PDF များ၏ သွားလာလေ့ရှိသည့် နေရာများကို ကိုယ်တိုင်လမ်းပြပေးခဲ့သူ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ၎င်းသည် စစ်ကောင်စီမှ ပေးထားသည့် ပစ္စတိုသေနတ်ဖြင့် ဒေသခံပြည်သူများကို ခြိမ်းခြောက်ကာ စစ်ကောင်စီက ခွင့်ပြုထားသည့် လောင်းကစားဝိုင်းများ၊ စစ်တောင်းမြစ်တကြောရှိ ရေလုပ်သားများ၊ ငါးဖမ်း သင်္ဘောများထံ နည်းမျိုးစုံဖြင့် ဆက်ကြေး ကောက်ခံနေသူ တစ်ဦးလည်းဖြစ်သည်ဟု မြို့ခံပြည်သူများက ပြောသည်။
ကုလားတဲစုရွာခံ အမျိုးသမီးတစ်ဦးက “သူမိန်းမက ဒီရွာကဆိုတော့ လောင်းကစားဝိုင်းပြန်လာတိုင်း ယောက္ခမ အိမ် ဝင်တာပေါ့။ သူ့မိန်းမလည်း ဒလန်ပဲ။ အခုတော့ ရဲတွေ စစ်မေးဖို့ ခေါ်သွားတယ်။ လူစိမ်းဝင်ရင် သတင်းပို့ ဖို့လည်း စစ်သားတွေ လာပြောသွားတယ်” ဟု ပြောသည်။
ဦးတင်မောင်ထွန်းသည် စစ်ကောင်စီသတင်းပေး ပျူစောထီးခေါင်းဆောင် ဖြစ်သည့်အပြင် ဝေါမြို့နယ် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးမှူးလည်း ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ၎င်း၏ အစ်ကို ဖြစ်သူလည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဝေါမြို့နယ် အရှေ့ဘက်ကမ်းရှိ ကျေးရွာတစ်ရွာတွင် စစ် တပ်က အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ထားသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကောင်စီသတင်းပေး ပျူစောထီးခေါင်းဆောင် ဦးတင်မောင်ထွန်း၏ ရုပ် အလောင်းကို သနပ္ပင်ပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားသည်ဟု ဒေသခံများက ဆိုသည်။
၎င်းအသတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ကုလားတဲစုကျေးရွာ တွင် အမျိုးသားများကို အစစ်ဆေး တင်းကြပ်လျက်ရှိကာ လူတစ်ဦးထက်ပိုသည့် ဆိုင်ကယ်စီးနင်းခွင့်ကိုလည်း ကန့်သတ်ထားသည်ဟု ဆိုသည်။