ဘုရားကျောင်းဝင်းထဲ လက်နက်ကြီးကျပြီး ကလေးငယ်များအပါအဝင် ၅ ဦး ထိခိုက် ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။
စစ်ကောင်စီတပ်က ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာကနေ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ဆန်ခါကျေးရွာ ရိုမန်ကက်သလစ် RC ဘုရားကျောင်းဝန်းထဲကျပြီး ကလေးငယ်များ အပါအဝင် ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး သေဆုံးသွားသည် ဟု ဒေသခံများက ပြောသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့၊ ညနေ ၂နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီတပ်က ၆၀ မမ လက်နက်ကြီ သုံးလုံးဖြင့် ပစ် ခတ်ရာမှ ဘုရားကျောင်းဝန်းအတွင်းရှိ မူကြိုကျောင်း အနီး ကျရောက်ခဲ့ပြီး ကလေးငယ်များအပါအဝင် ပြည်သူ များ ထိခိုက် သေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လုံးခင်း ဒေသခံတစ်ဦးက “မဒန်ယန်ရွာက ဘုရားကျောင်းထဲကျတာ။ အဲ့ဒီမှာ ကလေးမူကြိုကျောင်းရှိတယ်။ မူကြိုကျောင်းနားမှာ လက် နက်ကြီးကျတာ။ ထိခိုက်တဲ့ပြည်သူတွေထဲက နှစ်ယောက်က စိုးရိမ်ရတာ ဟုတ် တယ်။ အဲ့ဒီထဲက တစ်ယောက်က သေသွားတယ်။ သေသွားတဲ့လူက အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ် ယောက်ပါ။ လက်နက်ကြီးက ရွာထဲကိုလည်း တစ်လုံးကျတယ်။ ဒဏ်ရာရသွားတဲ့သူတွေကို ပရဟိတအဖွဲ့တွေ က ဖားကန့်ဆေးရုံ ကို ပို့ပေးကြတယ်။ အဲ့ဒီထဲက အရမ်းစိုးရိမ်ရတဲ့ နောက်တစ်ယောက်ကိုလည်း မြစ်ကြီးနား ကို ပို့ထားတယ်” ဟု ပြောသည်။
ဆန်ခါကျေးရွာထဲကို လက်နက်ကြီးနှင့် ပစ်ခတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မဇွပ်ယန်အချုပ်ထောင်တွင် လုံခြုံရေးယူပေးနေသည့် သူများဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ထိခိုက်ဒဏ်ရာ ရရှိသွားသူများအနက် အသက်အန္တရာယ်စိုးရိမ်ရသူနှစ်ဦးကို မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ထားရ ပြီး ကျန်ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများမှာ ဖားကန့်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်ဟုလည်း အကူ အညီပေးနေသူ တစ်ဦးက ပြောသည်။
ထို့အပြင် မှော်စီစာကျေးရွာအတွင်းရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုထဲတွင်လည်း ဘက်ဟိုးကား အချို့ကို စစ် ကောင်စီတပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မီးရှို့ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “တနေ့တည်းမှာပဲ ဖားကန့် – လုံးခင်း – ဒီမှော်စီစာရွာထဲက ကျောက်စိမ်းလုပ်ကွက်တစ်မှာ မီးရှို့ခဲ့တာ။ ကျောက်စိမ်းလုပ်ကွက်ထဲက ဘက်ဟိုး ၄ စီး ကို စစ်ကောင်စီတပ်က မီရှို့ဖျက်ဆီး လိုက်တယ်လေ” ဟု ပြောသည်။
ဖားကန့်၊ မှော်စီစာကျေးရွာအတွင်းရှိ ကျောက်စိမ်းလုပ်ကွက် တစ်ခုထဲ ဒီဇင်ဘာလ ၁၈ ရက်နေ့ကတည်းက စစ်သားအင်အား ၅၀ ကျော်ဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါလုပ်ကွက်အတွင်းရှိ ကျောက်ကျင်းအလုပ်သမားများနှင့် ဝန်ထမ်းများကို ဖမ်းဆီးထားပြီး ယနေ့အချိန်ထိ အဆိုပါ လုပ်ကွက်ထဲတွင် စခန်းချနေထိုင်နေသည်ဟု ဒေသခံများက ပြောသည်။
ဖားကန့်မြို့နယ်ထဲရှိ ပြည်သူများနေထိုင်သည့် ကျေးရွာများထဲ နိုဝင်ဘာလမှစတင်၍ ယခု ဒီဇင်ဘာလ ၃၀ ရက် နေ့အထိ စစ်ကောင်စီတပ်ဖွဲ့များက တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ နေ့တိုင်းနီးပါး လက်နက်ကြီး/ လက် နက်ငယ်များဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။
ထို့သို့ ပစ်ခတ်နေသည့်အတွက် ဒေသခံများမှာ လုံခြုံမှုမရှိဘဲ အစစအရာရာတွင် သတိထားနေထိုင်နေကြရပြီး စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဆိုသည်။