မဲစာရင်းလိုက်ကောက်ရာ လုံခြုံရေး ယူသည့် စစ်သား တိုက်ခိုက်ခံရပြီး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။

ရွေးကောက်ပွဲအတွက် မဲစာရင်း လိုက်လံကောက်ယူနေသော အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အတွက် လိုက်ပါ လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။

ဇန္နဝါရီလ ၉ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်က တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကမျောကင်းကျေးရွာ မူလတန်းကျောင်း အနီးတွင် ကားတစ်စီးဖြင့် ရောက်ရှိလာသည့် PDF တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်သွားခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာဖြင့် ထွက်ပြေးသွား ခဲ့ကာ ၎င်းတို့ထံမှ AK 47 သေနတ်တစ်လက်၊ ကျည်ဆံ ၂၃ တောင့် နှင့် ကျည်အိမ် ၁ ခုတို့ကို သိမ်းဆည်းရရှိသည် ဟု PDF တပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၃၅ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက “သေနတ်သံ ဆယ်ချက်လောက် ဆက်တိုက် ပစ်သံကြားရတာနဲ့ စာရင်းကောက်နေတဲ့ အဖွဲ့တွေ နီးရာအိမ်တွေထဲ ဝင်ပြေးကြတာ။ စစ်သားတွေ တောင် ဘယ်ရောက်သွားမှန်းမသိတော့ဘူး။ ကြောက်လို့ အိမ်တံခါးတွေ ပိတ်ပြီး ပုန်းနေရတယ်” ဟု ပြောသည်။

ယင်းတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF နှင့်Dawei Guerrilla Revolutonry Force DGRF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု LLPDF အဖွဲ့က ဇန္နဝါရီလ ၉ ရက်နေ့၊ ညနေပိုင်းမှာ ပင် သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့သော်လည်း PDF ပူးပေါင်းတပ်ဖွဲ့များမှာ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာလာခဲ့သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။

ပစ်ခတ်မှုအပြီး နာရီဝက်ခန့် အကြာတွင် စစ်ကောင်စီ တပ်ဖွဲ့များ ရောက်ရှိလာကာ အရေးပေါ်လူနာတင်ကားဖြင့် သေဆုံးနေသည့် စစ်သား၏ အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူတို့ကို ထားဝယ်ဘက်သို့ သယ်ယူသွားသည်ဟု ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ထားဝယ်နှင့် လောင်းလုံးမြို့ကို ဆက်သွယ်ထားသည့် ကမျောကင်း တံတား ဖြတ် သန်းသွားလာမှုများအား ပိတ်ထားလိုက်ပြီး ကျေးရွာအတွင်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ညနေ ၃ နာရီခွဲ အချိန်ခန့်မှ အဆိုပါ တံတားအား ပြန်ဖွင့်ပေးခဲ့သည်ဟု ဒေသခံများ က ပြောသည်။

စစ်ကောင်စီမှ ကျင်းပမည့် ၂၀၂၃ ရွေးကောက်ပွဲ အတွက် လူဦးရေ စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဇန္နဝါရီ လ ၉ ရက်နေ့မှ စတင်ကာ ယခုလ ၃၁ ရက်နေ့ (လကုန်ရက်) အထိ စုစုပေါင်း ၂၃ ရက်အတွင်း တနိုင်ငံလုံး အတိုင်း အတာဖြင့် တအိမ်တက်ဆင်း တပြိုင်နက်တည်း ကောက်ယူသွားမည် ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်အောင် မဲစာရင်းများ လိုက်လံ ကောက်ယူနေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ဆက်လက် ပူးပေါင်း ပြုလုပ်နေမည်ဆိုပါက ပြည်သူ့ ကာကွယ်ရေးအဖွဲ့များ အနေဖြင့် နောက်ဆက်တွဲ ဖြစ်စဉ်များကို လုံးဝ (လုံးဝ) တာဝန်ယူမည် မဟုတ်ဟု LLPDF တပ်ဖွဲ့က သတိပေးထားသည်။

ထို့အပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့များနှင့် နီးကပ်စွာ သွားလာနေထိုင်ခြင်းများလည်း မပြုလုပ် ကြရန် LLPDF တပ်ဖွဲ့က ထပ်ဆင့်မေတ္တာရပ်ခံ အသိပေးထားသည်။