ဒေါက်တာ လှမြတ်သွေးကို ဆယ်ရက်ကျော်ကြာ တိုက်ပိတ်ထား

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။

ဧရာဝတီတိုင်း NLD အစိုးရ အဖွဲ့က လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး တိုက်ပိတ်ခံနေရသည်ဟု အကျဉ်းဦးစီး ဌာနနှင့် နီးစပ်သူများက ပြောသည်။

လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီက ပုသိမ် အကျဉ်းထောင်အတွင်း၌ တိုက်ပိတ်ထား သည်မှာ ၁၀ ရက် ကျော်ကြာနေပြီ ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

ပုသိမ်ထောင် ကပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား တစ်ဦး က “ဒီဇင်ဘာ ၂၈ ရက်နေ့က ပုသိမ်ထောင်ကို ပို့ပြီး ဆက်ဖမ်းထားတယ်။ ရောက်တဲ့နေ့ကတည်းက တိုက်ပိတ်ခံနေ ရတာ။ ရေသန့် ပို့ပေးခွင့် တောင် မရဘူး။ အန်တီကို ၅၀၅-ခ နဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်” ဟု ပြောသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့က စစ်ကောင်စီမှ ဖမ်းထားရာမှ ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် အပါအဝင် အစိုး ရ အဖွဲ့ဝင်များ နှင့် လွှတ်တော် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌတို့ကို ဖမ်းဆီးထားသည့် နေရာအသီးသီးမှ ပြန်လွှတ်ပေးခဲ့သော် လည်း လူမှုရေး ဝန်ကြီး ဒေါက်တာလှမြတ်သွေးကိုမူ ဆက်ဖမ်းထားပြီး ပုသိမ်ထောင်ကို ပို့လိုက်ခြင်း ဖြစ်သည်။

လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီ၏ အမိန့်ဖြင့် ထောင်အတွင်း၌ သီးသန့် တိုက်ပိတ် ချုပ် နှောင်ကာ တစ်နေ့တစ်ကြိမ် တစ်နာရီ လမ်းလျှောက် ခွင့်ပေးထားပြီး သူမ လမ်းလျှောက်သည့် အချိန်တွင်လည်း အမျိုးသမီး ထောင်ဝန်ထမ်းတစ်ဦးက စောင့်ကြပ်လိုက်ကြည့်နေသည်ဟု အကျဉ်းဦးစီးဌာန နှင့် နီးစပ်သူ အချို့က ပြောသည်။

စစ်ကောင်စီက ညှိနှိုင်းမှုများ လုပ်သော်လည်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး က လုံးဝ လက်မခံခဲ့ ဘူး ဟု လွတ်ငြိမ်းသက်သာဖြင့် လွတ်မြောက်လာသည့် နိုင်ကျဉ်းအချို့က ပြောသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က အစိုးရဝန်ထမ်းများ အားလုံးကို ပြည်သူ့အစိုးရအဖွဲ့ မဖွဲ့စည်း မှီအထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ကြေညာချက် တစ်စောင်ကို ဒေါက်တာလှမြတ်သွေးက ထုတ် ပြန်ခဲ့ဖူးသည်ဟု ဆိုသည်။

NLD ပါတီ က တာဝန်ရှိသူ တစ်ဦး က “လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီ က ထောင် အပြင်ဘက် ဝင်းထဲက အထူးတရားရုံးမှာ ရုံးထုတ် စစ်ဆေးမယ်လို့ မထင်ဘူး။ ဗွီဒီယို ရုပ်သံစနစ်နဲ့ အကျဉ်း တိုက် အတွင်း ဒါမှမဟုတ် ထောင်ထဲက အခန်း တစ်ခုမှာ စစ်ဆေးနိုင်တယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးသည် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက် ပွဲ မှ စတင်ကာ ရေကြည်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရသော တစ်ဦး တည်းသော NLD ပါတီဝင်ဖြစ်ကာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ဆက်လက် အရွေးခံရပြီး ဧရာဝတီ တိုင်း အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဖြစ်လာခဲ့သည်။

ထို့နောက် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ရေကြည်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆက်လက် ရွေးချယ်ခံထားရသူဖြစ်ကာ အာဏာစသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အတူ ပုသိမ်မြို့ရှိ ဝန်ကြီးများ အိမ်ယာဝင်းအတွင်း သူမက နေထိုင်သည့် အိမ်မှာပင် အကျယ်ချုပ်ဖြင့် စစ်ကောင်စီက ၂ နှစ် နီးပါး ဖမ်းဆီးထားခဲ့ခြင်းသည်။