နယ်စပ်ဂိတ်မဖွင့်ခြင်းမှာ ဗဟိုအတည်ပြုမှု မရှိသေး၍ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တရုတ် – မြန်မာနယ်စပ်ဂိတ်များဖြစ်သည့် မူဆယ်မြို့က ဂိတ် ၃ ဂိတ် ယနေ့အချိန်ထိ မြန်မာဘက်ခြမ်းက မဖွင့်နိုင်သေးခြင်းက ဗဟိုအဆင့် ဆွေးနွေးအတည်ပြုမှုများ မရရှိသေးသောကြောင့် ဖြစ် သည်ဟု နယ်စပ်နေ ပြည်သူများက ပြောသည်။

မူဆယ်မြို့နယ်အတွင်းရှိ မန့်ဝန်းဂိတ်၊ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့အား ဇန္နဝါရီလ ၈ ရက်နေ့တွင် ပြန်ဖွင့်မည် ဟု တရုတ်နိုင်ငံဘက်က ထုတ်ပြန်ခဲ့သော်လည်း မြန်မာဘက်ခြမ်းက ယနေ့အချိန်ထိ မဖွင့်သေးဘူးဟု မူဆယ် ဒေသခံများက ပြောသည်။

မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက “မနေ့က ဒီတရုတ်ဘက်က ဓာတ်ပုံ လာရိုက်ကြတာ ရှိတယ်။ သူတို့က ဒီမြန်မာ ဘက် ထွက်လာလို့မရဘူး။ တချို့က ဒီဘက်ထွက်ဖို့ စောင့်နေပေမယ့် မြန်မာပြည်ဘက်က လက်မခံဘူးလေ။ ဒီ ဂိတ် ဖွင့်နိုင်ဖို့ကတော့ လွယ်လွယ်နဲ့ မဖြစ်နိုင်ပါဘူး။ ဒီဘက်က လူတောင်မရှိဘူးကော။ ရုံးတွေလည်း ပိတ်ထား တယ်ကော။ တရုတ်ဘက်ကလည်း ဒီနယ်စပ်မှာပဲ လာဆွေးနွေးတာ။ နေပြည်တော်ထိ သွားဆွေးနွေးရမှာလေ။ ဘာဖြစ်လဲ ဆိုတော့ နိုင်ငံတော်အဆင့်က သတ်မှတ်ထားတဲ့ ဂိတ်ဖြစ်နေတော့ နယ်စပ်ကနေပဲ ဆုံးဖြတ်လို့မရဘူး အဲ့လိုပြောတယ်” ဟု ပြောသည်။

မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့တွင် ဇန္နဝါရီလ ၈ ရက်နေ့မှစတင်၍ တရုတ်နိုင်ငံဘက်ခြမ်းမှာ စတင်ဖွင့်လှစ်ကာ ၎င်းတို့၏ ဌာနဆိုင်ရာဝန်ထမ်းများက ဂိတ်အသီးသီးရှိ အဝင်အထွက် စစ်ဆေးသည့် နေရာ များတွင် အဆင်သင့် ထိုင်စောင့်နေသည်များကို မြင်တွေ့နေရသည်ဟု မူဆယ်ဒေသခံများက ပြောသည်။

သို့သော် မြန်မာဘက်ခြမ်းက အဝင်အထွက်စစ်ဆေးသည့်နေရာများနှင့် သက်ဆိုင်သည့် ရုံးခန်းတို့မှာ ပိတ်ထားပြီး ဝန်ထမ်းများပင် မရှိဘူးဟု ဆိုသည်။

ဇန္နဝါရီလ ၈ ရက်နေ့မှာစတင်၍ ယနေ့အချိန်ထိ နယ်စပ်ဂိတ် ၃ ဂိတ်စလုံးတွင် တရုတ်နိုင်ငံဘက်ခြမ်း ကျယ် ဂေါင်၊ ရွှေလီမြို့တို့တွင် နေထိုင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားများမှာ မြန်မာဘက်ခြမ်းသို့ ထွက်ရန် လာရောက် စောင့်ဆိုင်းခဲ့ကြသော်လည်း ထွက်ခွင့်မရကြဘူးဟု ပြောသည်၊

ဒေသခံတစ်ဦး က “တချို့က မြန်မာပြည်ပြန်လို့ ရမယ်ထင်ပြီးတော့ စောင့်ကြတာ။ လာကြတာ။ ဒီဘက်မှာ မြန် မာပြည်က မဖွင့်ဘူးဆို ဘယ်လို ဝင်လို့ ပြန်လို့မရဘူးလေနော်။ တရုတ်ဘက်ကဖွင့်တယ်လေ။ ဒီဘက် မြန်မာ ဘက် တံခါးတွေအကုန်ပိတ်ထားတယ်။ လူလည်းမရှိဘူး။ တံဆိပ်တုံးထုပေးမယ့်လူလည်း မရှိဘူး။ တဖက် တည်း ဖွင့်တယ်ဆို ဘာမှ လုပ်လို့မရဘူး” ဟု ပြောသည်။

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်အတွင်းရှိ နယ်စပ်ဖြတ်ကျော်ဂိတ် ၃ ဂိတ်းလုံး တရုတ်ဘက်ခြမ်းမှ တခြမ်း သာ ဖွင့်ထားသောကြောင့် လူရော ကုန်စည်များပါ ဖြတ်သန်းသွားလာခွင့် ကူးသန်းခွင့် မရှိသေးဘူးဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

“မန့်ဝန်းဂိတ်က ကုန်တွေကလည်း သွားလို့မရသေးဘူး။ တရုတ်ဘက်ကဖွင့်ပေမယ့် ဒီဘက်က မဖွင့်တော့ ကုန် လည်း မရဘူး။ ကုန်ဆို ဘာဝင်ဝင် ကျင်စန်းကျော့ဂိတ်ကနေပဲ သွားရတာလေ။ မန့်ဝိန်းကနေက မရသေးဘူး။ မြန်မာက အကုန်ပိတ်တယ်။ ကျင်စန်းကျော့ဂိတ်က မဝင်ရင်တော့ အဲ့ဒါတွေက တရားမဝင်တာမျိုး ဖြစ်သွား တာပေါ့။ ဂိတ်တွေက ကိုဗစ်ဖြစ်တုန်းက ပိတ်လိုက်တာလည်း တရုတ်ဘက်က ဒီတိုင်း သူတို့ ပိတ်လိုက်တယ်။ ဘာမှ မြန်မာဘက်ကို အကြောင်းကြားတာ မရှိဘူး။”

ဇန္နဝါရီလ ၁၀ ရက်နေ့အထိ မြန်မာဘက်ခြမ်း မည်သည့်နေ့ရက်၊ အချိန်တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို ဖွင့်လှစ်မည့်အကြောင်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးပေ။

ထို့ကြောင့် လက်ရှိအချိန်ထိ သစ်သီးဝလံများနှင့် စိုက်ပျိုးရေးကုန်များကို ကျင်စန်းကျော့ဂိတ်မှာပင် နှစ်နိုင်ငံ ကုန်သွယ်နေကြသည်ဟု ဒေသခံများက ပြောသည်။

၂၀၂၀ ခုနှစ် ဧပြီလကစတင်ပြီး COVID-19 ကူးစက်မှုများကြောင့် ပိတ်ထားခဲ့ခြင်း နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်တို့အား နှစ်နိုင်ငံလုံးအတွက် နယ်စပ်ကုန်သွယ်ရေး ပိုမိုကောင်းမွန်စေရန် ရွှေလီမြို့နှင့် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များကို ဖွင့်လှစ်ခြင်းဖြစ်သည်ဟု ဇန္နဝါရီလ ၂ ရက်နေ့တွင် တရုတ်ဘက်က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – ပေါက်ဖော်လူမှုကွန်ရက်စာမျက်နှာ