ပျူစောထီးအဖွဲ့ဝင် စစ်မှုထမ်းဟောင်း တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။
လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အလိုရှိနေသည့် လက်နက်ကိုင်ဆောင်ထားသူ ပျူစောထီးအဖွဲ့ ဝင် စစ်မှုထမ်းဟောင်းတစ်ဦး နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်။
လောင်းလုံးမြို့နယ် အတွင်းရှိ သဘော့ဆိပ်ကျေးရွာ၊ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သည့် ဦးဂံကျော်လွင် ကို လူ ၅ ဦးက နေအိမ်အတွင်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။
“နေ့လည်ကြောင်တောင်ကြီး အိပ်နေတာ ဒိုင်း ဒိုင်း ဒိုင်းဆိုပြီး သေနတ်ပစ်သံတွေ ကြားရလို့ လန့်နိုးသွားတာ။ ခဏကြာတော့ ဂံကျော်လွင် ပစ်သတ်ခံရပြီး သွေးအိုင်ထဲလှဲ သေနေတယ်လို့ အော်ပြောသံတွေကြောင့် သိရတာ” ဟု အသက် ၅၀ ခန့်အရွယ် ဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။
သေဆုံးသွားသူ ဦးဂံကျော်လွင်သည် ခမရ (၄၀၁) တပ်ရင်းမှ ခလရ (၂၅) တပ်ရင်းသို့ ပြောင်းကာ ၎င်းတပ်ရင်းမှ တဆင့် တောရှည်ကျေးရွာ အခြေစိုက် ခလရ (၁၀၄) ကို ပြောင်းလာခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီတပ် မှ အနားယူခဲ့သူ စစ်မှုထမ်းဟောင်း တစ်ဦး ဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။
ဇန္နဝါရီလ ၉ ရက်နေ့၊ မွန်းလွဲပိုင်း ၁ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သည့် အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို လောင်းလုံး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်အမှတ် ၈၇/၂၀၂၃ ဖြင့် ထိုနေ့ညပိုင်းတွင်ပင် သတင်းထုတ်ပြန်ထားသည်။
ဦးဂံကျော်လွင်သည် စစ်အာဏာသိမ်းပြီးနောက် ပျူစောထီးအဖွဲ့ဝင်အဖြစ် ဝင်ရောက်လုပ်ကိုင်ကာ လူသစ် အဖွဲ့ဝင် များ စုဆောင်းစည်းရုံးပြီး စစ်တပ်အတွင်းခေါ်ယူ၍ စစ်သင်တန်းပေးနေသူ တစ်ဦးလည်းဖြစ်သည် ဟု ၎င်းက အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ဆိုသည်။
လက်ရှိတွင် ၎င်းသည် စစ်ကောင်စီတပ်ရင်းများ အတွင်း ဝင်ထွက်သွားလာလျက်ရှိနေပြီး ပျူစောထီး ခေါင်း ဆောင် ဦးဝင်းဇော်ဦး ဆိုသူနှင့် ပူးပေါင်း၍ စစ်ကြောင်းထိုးရာတွင် ကိုယ်တိုင် လမ်းပြပါဝင်ခြင်းများနှင့် PDF တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်း၍ သတင်းပေးလုပ်ကာ ညပိုင်းတွင် မောင်းမကန် နယ်မြေ ရဲစခန်း၌ သွားအိပ်လေ့ ရှိသူ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ဦးဂံကျော်လွင်အား အဆိုပါ အလုပ်များကို ဆက်မလုပ်ရန် အကြိမ်ကြိမ်သတိပေး ထားခဲ့ပေမယ့် လိုက်နာခြင်း မရှိခဲ့သဖြင့် ယခုကဲ့သို့ သွားရောက်ရှင်းလင်းခဲ့ရခြင်း ဖြစ်ကြောင်း ယခု လုပ်ဆောင်ချက်မှာလည်း LLPDF တပ်ဖွဲ့ ၏ ရှင်းလင်းလုပ်ဆောင်ချက်သာဖြစ်ပြီး ကျေးရွာနေပြည်သူများနှင့် လုံးဝသက်ဆိုင်မှုမရှိပါကြောင်း ထုတ်ပြန် ချက်ထဲတွင် ရေးသားထားသည်။
စစ်ကောင်စီတပ်သားများ၊ လက်ကိုင်တုတ်များနှင့် ပျူစောထီးများအား လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ – LLPDF မှ နေရာတိုင်းတွင် စောင့်ကြည့်လျက်ရှိနေပြီး ဆက်လက် ပစ်ခတ်ရှင်းလင်းမှုများ ပြုလုပ်သွား မည် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့နှင့် ဝေးဝေးတွင် နေကြပါရန် ထပ်ဆင့်အသိပေးထားသည်။
အလားတူ ဇန္နဝါရီလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် ကမြောကင်းကျေးရွာ မူလတန်းကျောင်းအနီး ရွေးကောက်ပွဲ အတွက် မဲစာရင်းကောက် ယူနေသော ဝန်ထမ်းများကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့အား ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် DGRF နှင့် LLPDF ပူးပေါင်းတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
ယင်းပစ်ခတ်မှုအတွင်း စစ်သား ၁ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး သေနတ်တစ်လက်၊ ကျည်ဆံ များနှင့် ကျည်အိမ်တစ်ခုတို့ကို PDF တပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့သည်။