ရှေ့တန်းမထွက်လို၍ ထွက်ပြေးသူ တပ်ပြေး ၅ ဦး ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရင်း တစ်ရင်းမှ ရှေ့တန်းထွက်ရန် ကြောက်သည်ဟု ဆိုကာ ထွက် ပြေးသွားသူ တပ်သား ၅ ဦးမှာ ပြန်လည်ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ဖမ်းဆီးခံရသူများသည် ရေဖြူမြို့နယ် ကံပေါက်ဒေသ အခြေစိုက် ခလရ – ၂၇၃ တပ်ရင်းမှ ထွက်ပြေး သွား ကြသည့် စစ်သားများဖြစ်ပြီး ၎င်းတို့အား ကံပေါက်ဒေသမှ ဆိုင်ကယ်ဖြင့် မိနစ် ၂၀ ခန့်သာ သွားရသည့် ပယကျေးရွာ ဘုန်းကြီးကျောင်း တောင်ကုန်းပေါ်တွင် ပြန်လည်ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် ပယရွာသားတစ်ဦး က “ရှေ့တန်းထွက်ရမှာ ကြောက်လို့ ဘုရားတောင်ပေါ် ပုန်းနေတာကို ဘုန်းကြီးက မြင်ပြီး သတင်းပေးလိုက်တာ ကြောင့်ပါ။ ရိုက်နှက်ပြီးခေါ်သွားတာ မြင်လို့မကောင်းဘူး” ဟု ပြော သည်။

၎င်းတို့သည့် ကံပေါက်ဒေသ အခြေစိုက် ခလရ – ၂၇၃ တပ်ရင်းမှ ဇန္နဝါရီလ ၄ ရက်နေ့ညက ထွက်ပြေးသွားရာမှ ဇန္နဝါရီလ ၈ ရက်နေ့တွင် ပြန်အဖမ်းခံရခြင်း ဖြစ်သည်။

ပယကျေးရွာနှင့် ကပ်လျက်ရှိသော ကျေးရွာတစ်ရွာဖြစ်သည့် ဖက်တောင်ကျေးရွာမှ ဒေသခံများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လိုက်လံ စုံစမ်းမေးမြန်းမှုများနှင့် တောနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်ရှာ တွေ့သွားခြင်းဖြစ်သည် ဟု ပယရွာသားများက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ကောင်စီ တပ်သားများသည် မောရဝတီ ရေတပ်စခန်း ဌာနချုပ်တွင် ရိုက်နှက် စစ်ဆေးခြင်းများ ခံနေကြရသည်ဟု ရေတပ်စခန်းနှင့် နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းကလည်း ကံပေါက်ဒေသ အခြေစိုက် ခလရ – ၂၇၃တပ်ရင်းမှ တပ်သား ၃ ဦး ထွက် ပြေး လွတ်မြောက်သွားခဲ့သေးသည်။