မီးသတ်ဦးစီးမှူး တစ်ဦး ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။

ဖားကန့်မြို့နယ်မီးသတ် ဦးစီးမှူးတစ်ဦးကို လက်နက်ကိုင်အဖွဲ့တခုမှ ဖမ်းဆီးသွားပြီး ပျောက်ဆုံးနေသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မြို့နယ်သာသနာရေး ဦးစီးမှူးတို့ ၂ဦးကို လက်နက်များ ကိုင်ဆောင်ထားသူ ၅ ဦးက ဖမ်း ဆီးသွားပြီး သာသနာရေး ဦးစီးမှူးကို ညတွင်းချင်း ပြန်လွတ်ပေးခဲ့သော်လည်း မီးသတ်ဦးစီးမှူးမှာ အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေသည်ဟု ဒေသခံများက ပြောသည်။

“ဖားကန့်ကျောက်ဝိုင်းက ပြန်လာတဲ့ အချိန် သူတို့နှစ်ယောက်ကို ခေါ်သွားတာတဲ့။ သာသနာရေး ဦးစီးမှူးကိုတော့ ညတွင်းချင်း ပြန်လွှတ်ပေးခဲ့တယ်တဲ့လေ။ သူတို့ကြားထဲမှာ ဘာပြဿနာတွေ ရှိလဲတော့ မသိဘူး။ အခုထိ မတွေ့သေးဘူး” ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

ယနေ့အချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည့် မီးသတ်ဦးစီးမှူးမှာ ဦးပြေငြိမ်း ဆိုသူ ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

ဇန်နဝါရီလ ၉ရက်ည၈နာရီခွဲ့ခန့်က မီးသတ်ဦးစီးမှူး ဦးပြေငြိမ်းနှင့် မြို့နယ်သာသနာရေး ဦးစီးမှူး ဦးပြည့်စိုးဇော် ဆိုသူတို့အား ဇန္နဝါရီလ ၉ ရက်နေ့၊ ည ၈ နာရီခွဲအချိန်ခန့်တွင် လက်နက်ကိုင်လူတစ်စုက ကားတစီးဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်၊ မော်ဝမ်းအောက်လမ်း၊ မော်ဝမ်းဈေးအနီးရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှေ့ရှိ မိုးမိုး ထမင်းဆိုင်အနီးမှ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့များအဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲဝန်ထမ်း များ၊ ပြည်သူ့စစ်များ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) များလည်းရှိနေ သည်ဟု ဒေသခံများက ပြောသည်။