ဆန္ဒပြ အကျဉ်းသားများအား ကတုံး ကွက်ကြားရိတ်ကာ အမှု ဖွင့်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။

ပုသိမ်းထောင်တွင်း ဆန္ဒပြ အကျဉ်းသားများကို ထောင်အာဏာပိုင်အဖွဲ့က ကတုံးကွက်ကြား ရိတ်ကာ အမှုဖွင့် ထားပြီး ရိုဟင်ဂျာ အကျဉ်းသားများကိုလည်း မုတ်ဆိပ်ရှည်များကို ရိတ်ပစ်သည် အကျဉ်းဦးစီး ဌာနနှင့် နီးစပ် သူများက ပြောသည်။

ဇန္နဝါရီလ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် အကျဉ်းသားများ အခွင့်အရေးအတွက် ထောင်တွင်း ဆန္ဒပြမှု ဖြစ်ပွား ပြီး နောက် ထောင်အာဏာပိုင်များက ရိုက်နှက်နှိပ်စက်ခဲ့ကြပြီး ဇန္နဝါရီလ ၉ ရက်နေ့တွင် အကျဉ်းသားများအား ကတုံးကွက်ကြားရိတ်လိုက်ကြခြင်း ဖြစ်သည်။

အကျဉ်းဦးစီးဌာန နှင့် နီးစပ်သူ တဦး က “အရိုက်ခံထားရတာ ဒဏ်ရာတွေ ကိုယ်စီရထားတာမြင်မကောင်းဘူး ခု တခါသူတို့ကို က တုံး ကွက်ကြားရိတ်ပြီး ထောင်စည်းကမ်း ချိုးဖေါက်မှု နဲ့ အမှုဖွင့်တယ်” ဟု ပြောသည်။

နိုင်ကျဉ်း ကိုဝင်းထွန်းနိုင် အပါအဝင် နိုင်ကျဉ်း ၄ ဦး ကို ထောင်ညွှန်မှူး နှင့် ထောင်ဝန်ထမ်းများက ထောင်တွင်းကို လက်ကိုင်ဖုန်းသွင်းသည်ဟု စွပ်စွဲကာ ယခုလ ၅ ရက်နေ့ညက တညလုံး ရိုက်နှက် နှိပ်စက်ခဲ့သည့်အတွက် နိုင် ကျဉ်းများ အပါအဝင် အခြား အကျဉ်းသားများက ဇန္နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက အကျဉ်းသား အခွင့်အရေး အတွက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြခဲ့ကြသည့် နိုင်ငံရေး အကျဉ်းသား အများစု ပါဝင်သည့် အကျဉ်းသား ၇၂ ဦးကို ထောင်အာဏာပိုင် အဖွဲ့က ညှိ နှိုင်း စကားပြောမည်ဟုလိမ်ညာခေါ်ယူပြီး ရာဇဝတ် အကျဉ်းသား များဖြင့်ဖွဲ့ စည်းထားသော ထောင်စည်း ကမ်း ထိန်းသိမ်းရေးအဖွဲ့က လာရောက်ခေါ်ယူကာ မျက်နှာဖုန်းစွပ်ထားသည့် လုံထိန်းတပ်ဖွဲ့နှင့် ထောင်ညွှန်ကြား ရေးမှူး ဦးဆောင်သည့် စည်ကမ်းထိန်းသိမ်းရေး အဖွဲ့တို့က ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

ရိုက်နှက်ခံရသည့် အကျဉ်းသား ၇၂ ဦးတွင် ဆန္ဒပြရာတွင် ပါဝင်သည့် မူဆလင် (အစ္စလာမ်) ဘာသာဝင်များအပြင် မပါဝင်သော ရိုဟင်ဂျာ အချို့တို့ကိုပါ မုတ်ဆိတ်ရှည်များကို ရိတ်ပစ်လိုက်သည်ဟု အကျဉ်းဦးစီးဌာန နှင့် နီးစပ်သူ များ၏ ပြောပြချက်အရ သိရသည်။

ဧရာဝတီ မြန်မာ-မူဆလင် ကွန်ရက်အဖွဲ့ဝင် တစ်ဦးက “အကျဉ်းထောင်မှာ ယုံကြည်ရာ ဘာသာကို ဓလေ့ထုံးစံ နဲ့အညီ ကိုးကွယ်ခွင့် ရှိပါတယ်။ ထောင်အာဏာပိုင်နဲ့ လုံထိန်း ခေါင်းဆောင်က ဓလေ့ထုံးတမ်းအရ တမြတ်တနိုး ထားတဲ့ မူဆလင် ဘာသာဝင်တွေရဲ့ မုတ်ဆိတ်ရှည်တွေကို အတင်းအကြပ် ဆွဲဆုပ်နုတ်ပြီး ရိတ်ပစ်ကြတယ်။ ဘာ သာ နဲ့ လူမျိုးရဲ့ အမည်ကိုလည်း တည်ပြီး ဆဲဆိုရိုက်နှက်တယ်” ဟု ပြောသည်။

စစ်ကောင်စီက ဇန္နဝါရီလ ၆ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်တွင် ထောင်ဝင်စာလာပို့သည့် ကျောင်းကုန်းမြို့က နိုင် ကျဉ်း မိသားစုဝင် လူငယ် ၂ ဦးကို ဓါတ်ပုံရိုက်သည်ဟုဆိုကာ ဖမ်းဆီးလိုက်သည်။

ထို့အပြင် ဇန္နဝါရီလ ၅ ရက်နေ့ညက ရိုက်နှက်ခံရပြီး ပြင်းထန်ဒဏ်ရာများ ရရှိထားသည့် နိုင်ကျဉ်း ကိုဝင်းထွန်းနိုင် ၏ ဇနီး မစန္ဒာအေးကိုလည်း အရပ်ဝတ် ဝတ်ထားသူ ၃ ဦးက နေအိမ်တွင် နောက်တရက်တွင် ရောက်လာကာ ဖမ်းဆီးသွားခဲ့သည်။

ဆန္ဒပြ အကျဉ်းသားများကို ထောင်တွင်း အကြမ်းဖက်မှုနှင့် နိုင်ငံရေးအကျဉ်းသား တစ်ဦးကို ရိုက်နှက်သတ် ဖြတ် သည့် လူသတ်မှုတို့ကို ဦးဆောင် ကျူးလွန်သူများမှာ လုံထိန်းအဖွဲ့ ခေါင်းဆောင်၊ ထောင်ညွှန်ကြားရေးမှူး ဦးဇော် စစ်အောင်၊ ထောင်အာဏာပိုင်အဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့က ရဲမှူးမြင့်အောင်၊ ပုသိမ်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ကျော်ဦး တို့ ဖြစ်သည် ဟု ထောင်တွင်းသတင်းအရင်းအမြစ်များက ပြောသည်။