ထားဝယ်-ထီးခီးလမ်းကို ပျောက်ကြားအဖွဲ့များက ယာယီ ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။

ဥသြစစ်ကြောင်း (ထားဝယ်မြို့နယ်)က ထားဝယ်-ထီးခီးလမ်းပိုင်း အသုံးပြုခွင့်ကို ယာယီပိတ်လိုက်သည်ဟု ထုတ်ပြန်လိုက်သည်။

၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစတင်၍ လက်ရှိ ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများ အရ ထိုင်းနယ်စပ်သို့ သွား သည့် ထားဝယ်-ထီးခီး လမ်းပိုင်း အသုံးပြုခြင်းကို ယာယီပိတ်လိုက်ကြောင်း ဥသြစစ်ကြောင်း (ထားဝယ်မြို့နယ်) က ဇန္နဝါရီလ ၁၀ ရက်နေ့၊ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ဥသြစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက “ဒီလိုထုတ်ပြန်ရတာ အကြောင်းရှိလို့ပါ။ အဓိက ခရီးသွားပြည်သူတွေ ဘေးကင်းစေဖို့ ဆိုတာကို နားလည် ပေးစေချင်ပါတယ်။ အခြေအနေအရ ယာယီပိတ်လိုက်ရတာပါ၊ အသက် တွေ ဘဝတွေက အလကားမရပါဘူး” ဟု ပြောသည်။

ဖြတ်သန်းသွားလာကြမည့် ယာဉ်များအားလုံး နံနက် ၅ နာရီမှ ညနေ ၆ နာရီအတွင်းသာ ဖြတ်သန်းမောင်းနှင်ခြင်း ကို ခွင့်ပြုသွားမည်ဖြစ်ပြီး သွားလာရာတွင်လည်း အမိုးအကာများ ဖုံးအုပ်သွားလာခြင်းနှင့် အိမ်စီးကားများ မှန် တင်သွားလာခြင်းများ မပြုကြရန်ကိုလည်း အသိပေး ရေးသားထားသည်။

ဇန္နဝါရီလ ၁၅ ရက်နေ့ မှ ၃၁ ရက်နေ့အထိ ယင်းလမ်းမကြီးကို အသုံးပြု၍ ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနှင့် မလေးရှား နိုင်ငံများဆီသို့ လူမှောင်ခို ပို့ဆောင်နေကြသော အရပ်ခေါ် ဘော်လုံးကားများ၊ ဆိုင်ကယ်များနှင့် သုံး ဘီး (မီနီအိုးဝေ) ယာဉ်များ၊ သံထည်ပစ္စည်းဟောင်းများ လိုက်လံဝယ်ယူနေသည့် သုံးဘီး (ကြီး) ယာဉ်များ အား လုံး ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားလိုက်ခြင်း ဖြစ်သည်။

ဖြတ်သန်းသွားလာရာ လမ်းမကြီးပေါ်တွင်ရှိသည့် ပကာရီကျေးရွာနှင့် ဝကုန်းကျေးရွာတို့အကြားတွင် အချိန်အခါ မရွေး တိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန်လည်း ထုတ်ပြန်ချက် ထဲတွင် ဖော်ပြထားသည်။

တားမြစ်ထားသည့် သတိပေးချက်များကို လေးစားလိုက်နာခြင်းမရှိဘဲ ဖြတ်သန်းသွားလာသည့် ယာဉ်များ အား လုံးကိုလည်း ထိရောက်စွာအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ် ဥဩစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းမှ စတင်၍ ယခုနှစ် ၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်နေ့အထိ ထားဝယ် အရှေ့တောဒေသတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်လာနေ သည်ဟု ၎င်းက ပြောသည်။

ထားဝယ်-ထီးခီးလမ်းပိုင်းတွင် သွားလာနေသည့် ယာဉ်များကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မူးယစ် ဆေးဝါးများနှင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများကို သယ်ယူရောင်းချနေခြင်းများအား စစ်ဆေး၍ ဖမ်းဆီး ဖျက်ဆီး ခြင်းများလည်း ဆောင်ရွက်လျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။