မင်းတုန်းမြို့နယ်တွင် မဲစာရင်းကောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာလည်း အခြားသော တိုင်းနှင့် ပြည်နယ်များက မြို့နယ်များနည်းတူ ရွာစဉ်အလိုက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ထွေအုပ်စာရေး၊ မူလတန်းပြဆရာ/မများ ပူးပေါင်းကာ မဲစာရင်းအတွက် လူဦးရေစာရင်းများ အတင်းအကြပ် ဖိအားပေး ကောက်ယူနေသည်ဟု ဒေသခံများက ပြောသည်။

ဇန္နဝါရီလဆန်းပိုင်းက စတင်ကာ ကောက်ယူနေခြင်းဖြစ်ပြီး ကျေးရွာအတွင်းရှိ နေအိမ်တိုင်းကို အိမ်ထောင်စု စာ ရင်းနှင့် အတူ မှတ်ပုံတင်များပါ တောင်းယူပြီး လဝကမှ ပေးသော အသားတံဆိပ်ပါသည့် ပုံစံ စာရွက်နှင့် တိုက် ဆိုင် စစ်ဆေးကာ စာရင်းများ ကောက်ယူခြင်းဖြစ်သည်ဟု ပြောသည်။

”တချို့လည်း မွေးနေ့၊ မိဘအမည်၊ မှတ်ပုံတင်အမှတ် မှန်ကန်ပြီး နာမည်ကျမှ အမည်မသိ လုပ်ထားတယ်။ မှတ် ပုံတင်နဲ့ အိမ်ထောင်စုဇယားနဲ့ တိုက်ပြီး နာမည် ထည့်ရတယ်။ နေ့လည် တစ်နာရီကျော်ထိ မပြီးဘူး။ နောက်နေ့ ဆက်မယ် ထင်တယ်” ဟု ပုသိမ်-မုံရွာ လမ်းပေါ်ရှိ မဲဇလီရွာသားတစ်ဦး က ပြောသည်။

အာဏာသိမ်း စစ်ကောင်စီက ၂၀၂၃ ခုနှစ် အတွင်းမှာ PR အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပ မည်ဟု ကြေညာထားပြီးနောက် ယခုကဲ့သို့ လူဦးရေစာရင်းကို အတင်းအကြပ် ကောက်ခံနေခြင်းဖြစ်သည်။

အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက စစ်ကောင်စီက ပြုလုပ်နေသည့် လူဦးရေကောက်ယူနေခြင်း လုပ်ငန်းစဉ်ကို ပြည်သူများ မပါဝင်ကြဖို့ ဇန္နဝါရီလ ၉ ရက်နေ့ က ထုတ်ပြန်ထားသည်။

မူလတန်းပြအငြိမ်းစားကျောင်းဆရာတဦးက ”အတင်းအကြပ် မဲပေးခိုင်းမှာတို့ မပေးရင် အနိုင်ကျင့် အရေးယူ ခံ ရမယ့် အဖြစ်တွေ ဖြစ်လာနိုင်လို့ ပြည်သူလူထုကြား စိုးရိမ်မှုတွေရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် ဇန္နဝါရီလ ၉ ရက်နေ့ မှ ၃၁ ရက်နေ့အထိ နိုင်ငံအတွင်းရှိ လူဦးရေ စာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန် ဟု ဆိုကာ လူဦးရေစားရင်များ ကောက်ယူရေး စီမံချက်ကို စတင်နေ ခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ၎င်းတို့၏ စီမံချက်အတိုင်း မဖြစ်နေရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ပြီး ပြည်သူလူထုနှင့် နိုင်ငံ တကာက လက်ခံခြင်း လက်မခံခြင်းကို ဂရုစိုက်မည်မဟုတ်ကြောင်း မင်းတုန်းမြို့ခံများ က ပြောသည်။

မင်းတုန်းမြို့ခံ တဦးက “သူတို့က ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲလိုချင်တဲ့ ထုံးနှလုံးမူပြီး လုပ်သွား မှာ ပဲ။ ဒါပေမယ့် ထိခိုက် သေကြေတာဖြစ်လာ စိုးရိမ်တယ်“ ဟု ပြောသည်။

မင်းတုန်းမြို့နယ်အတွင်း လူဦးရေ စာရင်းမှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ကောက်ယူထားသော စာရင်းများ အရ ၅သောင်း၊ ၈ထောင်ကျော်သာရှိသည်။