PDF များနှင့် တွေ့ဆုံသည့် ကျေးရွာများမှ အိမ်အချို့ မီးရှို့ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အဖွဲ့နှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည့် လောင်းလုံးမြို့နယ်ထဲက ကျေးရွာရှိ နေအိမ်အချို့ မီးရှို့ဖျက်ဆီး ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံပြည်သူများနှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ တွေ့ဆုံပွဲလုပ်ခဲ့သည့် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ထဲက ဟင်းချိုတောကျေးရွာကို အရပ်ဝတ် ဝတ်ထားသည့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များက မီးရှို့ သွားခဲ့ခြင်း ဖြစ်သည်။
အသက် ၅၀ ခန့်အရွယ် ဟင်းချိုတော ရွာသားတစ်ဦးက “အရင်ဆုံး မီးရှို့မယ့် အိမ်တွေကို လူတစ်ယောက်က လက်ညှိုးလိုက် ထိုးပြတယ်။ အဲဒီအိမ်တွေက ဖုန်းတွေကို တက်သိမ်းတယ်။ ပြီးတာနဲ့ မီးရှို့တော့တာပါပဲ။ သေ နတ်တွေနဲ့လည်း ရမ်းသမ်း ပစ်ခတ်ကြသေးတယ်။ မီးရှို့ ပြီးမှ ပြန်သွားတာ” ဟု ပြောသည်။
ဇန္နဝါရီလ ၁၀ ရက်နေ့က လောင်းလုံးမြို့နယ်ထဲက ဟင်းချိုတောကျေးရွာသို့ ရေလမ်းခရီးမှတဆင့် အရပ်ဝတ်ဖြင့် ရောက်ရှိလာသည့် လူဦးရေ အယောက် ၂၀ ခန့်က နေအိမ် ၅လုံးကို ဇန္နဝါရီလ ၁၁ ရက်နေ့၊ နံနက် ၄ နာရီ အချိန် ခန့်က မီးရှို့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်နီမော်ကျေးရွာသို့ လှေဖြင့်ဆင်းလာပြီးနောက် ပျူစောထီးအဖွဲ့ဝင်များကို ဝင်ရောက်ခေါ်ယူကာ ဟင်းချိုတောကျေးရွာဘက်သို့ ဆက်လက် ထွက်ခွာသွားခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိ ခဲ့သည့် ရွာသားအချို့ က ဆိုသည်။
မီးရှို့ဖျက်ဆီးခံလိုက်ရသည့် နေအိမ် ၅ ဆောင် အနက် ၃ ဆောင်မှာ လုံးဝပြာကျ ပျက်စီးသွားခဲ့ပြီး ကျန်အိမ် ၂ ဆောင်ကိုမူ ရွာသားများက ဝိုင်းဝန်း မီးငြိမ်းသတ်နိုင်ခဲ့၍ တချိူ့တဝက်ခန့်သာ ပျက်စီးခဲ့သည်။
ထို့အပြင် အိမ်ခြံဝင်းအတွင်းရှိ ဆိုင်ကယ် ၂ စီးလည်း မီးလောင်ပျက်စီးသွားခဲ့သည်ဟု မီးငြိမ်းသတ်ရာတွင် ပါဝင် ခဲ့သည့် ရွာသားတစ်ဦးက ပြောသည်။
မီးရှို့ခံခဲ့ရသည့် နေအိမ်များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ထောက်ခံသူများ၏ နေအိမ်များ ဖြစ် ပြီး ဇန္နဝါရီလ ၁၀ ရက်နေ့ပြုလုပ်သည့် တွေ့ဆုံပွဲကို မကျေနပ်သဖြင့် စစ်ကောင်စီ တပ်သားအချို့နှင့် ပျူစောထီး များက လာရောက်မီးရှို့သွားခြင်းသာ ဖြစ်နိုင်သည်ဟု ရွာသားများက ပြောသည်။