ကျေးရွာ ရဲစခန်းတစ်ခုကို ရေးပြောက်ကျား အဖွဲ့က စီးနင်း မီးရှို့ဖျက်ဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ် နှစ်ကရင်ကျေးရွာ ရဲစခန်းကို ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ဝင်ရောက် စီးနင်း တိုက် ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

နှစ်ကရင်ကျေးရွာ ရဲစခန်းကို ရေးပြောက်ကျားတပ်ဖွဲ့က ဇန္နဝါရီလ ၁၁ ရက်နေ့၊ နံနက် ၁ နာရီ အချိန်ခန့်က ဝင် ရောက်စီးနင်းခဲ့ရာ စခန်းရှိ ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်သွားသည့်အတွက် စခန်းတွင်းက ပစ္စည်းများနှင့် အဆောက်အဦတို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ရေးပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက “တိုက်ပွဲဖြစ်ပွားချိန် အတွင်း ရန်သူဘက်က ထိခိုက်ကျဆုံးမှု ရှိနိုင်တယ်။ ရေးပြောက်ကျားတပ်ဖွဲ့ဘက်က အထိ အခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ပြောသည်။

ထို့နောက် ရဲစခန်းကို ဝင်ရောက်စီးနင်းသည့်နေ့ နံနက် ၆ နာရီခွဲအချိန်မှာတော့ ရေးမြို့နယ် ကြိုးတံတားကျေးရွာရှိ စစ်ကောင်စီစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း ရေးပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်စဥ် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ခမရ- ၅၈၈ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့ကလည်း လမိုင်းမြို့က စစ်ကောင်စီ ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးကို ရေး ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များထဲက တစ်ဖွဲ့ ဖြစ်သည့် ရေးပြောက်ကျား တပ်ဖွဲ့သည် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်း၊ စစ်တပ်စခန်းများနှင့် စစ်ကောင်စီထောက်တိုင် ဌာနဆိုင်ရာ ရုံးများကို မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ ရှိသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ လက်အောက်ရှိ ဌာနဆိုင်များက အရပ်သားဝန်ထမ်းများ အုပ် ချုပ်ရေးမှူးများနှင့် စစ်တပ်သတင်းပေး ဒလန် ဟု သတ်မှတ်ခံရသူများကိုလည်း မကြာခဏ ပစ်ခတ်ရှင်းလင်း လေ့ ရှိသည်။