ကုန်းသာ စစ်ရှောင်များ နေရပ် မပြန်နိုင်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာက စစ်ဘေးရှောင်များ တစ်လကြာလာသည် အထိ နေရပ်ကို မပြန်နိုင်သေးဘူးဟု စစ်ရှောင်များနှင့် အကူအညီပေးနေသူများက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုနှင့် နှစ်ဖက်တိုက်ပွဲအတွင်း ပျက်စီးသွားသည့် ကုန်းသားကျေးရွာက နေအိမ်များ စတင် တည်ဆောက်နေပြီဖြစ်သော်လည်း မပြီးစီးသေးဘဲ အကူအညီများ ဆက်လက်လိုအပ်နေသောကြောင့် ဇယန်း ကြီးဘုန်းတော်ကြီးကျောင်းတွင်သာ ဆက်လက်နေနေကြရသည်ဟု ပြောသည်။

ကုန်းသာကျေးရွာ တိုက်ပွဲရှောင်များ၏ နေအိမ်များ ပြန်လည်ထူထောင်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးစောလွင် က “လက်ရှိမှာက တိုက်ပွဲရှောင်တွေ ကုန်းသာရွာ တစ်ရွာပဲကျန်တယ်။ အခုလောလောဆယ်က သူတို့တွေ နေ စရာ အိမ်တွေမရှိသေးလို့ မပြန်သေးဘဲ အဲမှာပဲ ဆက်လက်နေတယ်။ ဇယန်းကြီး ဘုန်းကြီးကျောင်းမှာ ပဲရှိနေ တယ်” ဟု ပြောသည်။

နေအိမ်များ ပြန်လည်တည်ဆောက်ရန် ငွေကြေးမလုံလောက်သေးသောကြောင့် အကူအညီများ လိုအပ်နေသည် ဟု ဦးစောလွင်က ဆက်ပြောသည်။

“အခုက နေအိမ်တွေ ပြန်ဆောက်ဖို့အပြင် အိုးခွက်၊ ပန်းကန်တွေ၊ စောင်၊ အိပ်ယာခင်းတွေ ဝယ်ဖို့လည်း လိုအပ် နေ သေးတယ်။ အခုလောလောဆယ်က ရရှိထားတဲ့ အလှူငွေတွေ သွပ်ပြားတွေပဲ ကျနော်တို့ ဝယ်နိုင်သေး တယ်။ အလှူငွေက သိန်းခုနှစ်ရာရတယ်။ အဲ့တာတွေ ဝယ်တာတော့ သိန်းခြောက်ရာလောက်ကုန်ပြီ။ အခုက သူတို့ နေ စရာအိမ်တွေကို မိုးမကျခင် အရင် စီစဥ်ပေးရမယ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၂ ရက်နေ့ထိ စစ်ကောင်စီတပ်က တအာင်းတပ်မတော် (TNLA) တပ်စခန်းရှိရာ နေရာနှင့် ကုန်းသာကျေးရွာကို ဝေဟင်ကနေရာ မြေပြင်ကနေပါ အင်အားအများအပြားနှင့် ထိုးစစ်ဆင် တိုက် ခိုက်ခဲ့ခြင်းကြောင့် ဒေသခံကျေးရွာသားများက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ ကြရခြင်း ဖြစ်သည်။

ယနေ့အချိန်ထိ ကုန်းသာကျေးရွာခံက သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ အပါအဝင် ရွာသား ၈၀ ကျော်က ဇယန်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နေနေကြရစဲဖြစ်သည်။

အဆိုပါ စစ်ရှောင်များမှာ ၎င်းတို့၏ နေအိမ်များ လက်နက်ကြီးထိမှန်ပျက်စီးခြင်းနှင့် တစ်လုံးနီးပါး မီးရှို့ခံလိုက်ရ သည့်အတွက် နေရာထိုင်ခင်း ယနေ့အချိန်ထိ အဆင်မပြေသေးသော သူများ ဖြစ်သည်။

နေအိမ်များကို နဂိုမူလအတိုင်း ပြန်လည်တည်ဆောက်ပေးရမည့် အိမ်မှာ ၈ အိမ်ရှိပြီး အခြားသော အိမ်များမှာ ပြန်လည်ပြုပြင်ပေးရမည်ဟု အလှူရှင်များ ကူညီရှာဖွေပေးသည့် တအာင်းအရပ်ဘက်အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“နေအိမ်တွေ လုံးဝ အသစ်ပြန်ဆောက်ရမယ့်အိမ်က ရှစ်အိမ်လောက်ရှိတယ်။ အဲ့ဒါက အကြီးစား ပြင်ဆင် ပေး မယ့် အိမ်ရှိသလို အသေးစား ပြင်ပေးရမယ့် အိမ်တွေလည်း ရှိတယ်။ အဲ့ဒါက ဘယ်လို ပြန်ဆောက်ပေးမလဲ ဆို တော့ အရင်က နှစ်ထပ်အိမ်ဆို နှစ်ထပ်အိမ် အဲ့လို ပြန်ဆောက်ပေးမှာလို့ သိရတယ်။ ကျန်တဲ့ဟာက အကြီးအစား တွေ ပြန်ပြင်ပေးတာတွေ ရှိတယ်။ တချို့ဟာက ပွန်းပဲ့တာတွေရှိတယ်” ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ မှ ၁၂ ရက်နေ့ အထိ ကုန်းသာကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် – TNLA တို့အကြား ၆ ရက်အကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားကြပြီး စစ်ကောင်စီက လေယာဥ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲပစ်ခတ် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ကုန်းသာ ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို သန့်ရှင်းရေးသွားလုပ်သူ ဟူးမန်းရွာခံ ၄ ဦး ဗုံးစထိမှန်ခဲ့ရာ ၂ ဦးသေ၊ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။