သထုံတွင် မဲစာရင်း လိုက်ကောက်သူများ ပစ်ခတ်ခံရ၊ ၂ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်။
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းက မြို့နယ်နှစ်ခုတွင် မဲစာရင်းလိုက်ကောက်နေသည့် အုပ်ချုပ်ရေး ဌာန ဝန်ထမ်းများ ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးနှင့် စာရေးမ တစ်ဦး တို့ သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနှင့် စာရေးမတို့သည် ဇန္နဝါရီလ ၁၃ ရက်နေ့၊ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်ခန့်က ကျေးရွာအတွင်း လူဦးရေစာရင်း လိုက်လံကောက်ခံနေစဥ် ပစ်ခတ်ခံရခြင်း ဖြစ် သည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် စာရေးမသည် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားပြီး အုပ်ချုပ်ရေးမှူးမှာ ရရှိသည့် သေနတ်ဒဏ်ရာဖြင့် ဆေးရုံအရောက်တွင် သေဆုံးသွားသည်။
“လူဦးရေ စာရင်းကောက်ပြီး အပြန်မှာ ပစ်ခတ်ခံရတယ်လို့ သိရတယ်။ နှစ်ယောက်စလုံးတော့ သေသွားပြီးလို့ သိရတယ်” ဟု သထုံဒေသခံတစ်ဦးက ပြောသည်။
တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးမတို့ကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် လုပ်ဆောင်နေသူများကို ငဲ့ညှာမှာမဟုတ်ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ် ပြန်ထားသည်။
သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က “စစ်ကောင်စီထောက်တိုင်ပြုလုပ်ပေးနေသူများ ရွေးကောက်ပွဲ အကောင် အထည်ဖော်သူများအား မည်သူ့ကိုမှ ငဲ့ညှာနေမည်မဟုတ်ဘူး” ဟု ထုတ်ပြန်ပြောဆိုထားသည်။
သထုံမြို့နယ် အပါအဝင် မွန်ပြည်နယ်အတွင်းက မြို့နယ်အချို့တွေမှာ စစ်ကောင်စီက လူဦးရေစာရင်း ကောက်ခံ မှုများ လုပ်ဆောင်လျက်ရှိပြီး ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက လူဦးရေ စာရင်းကောက်ခံသည့် လုပ်ရပ်များ ဆက်လက် မလုပ်ဆောင်ဖို့ သတိပေးထုတ်ပြန်ထားသည်။
ထို့အတူ ဇန္နဝါရီလ ၁၃ ရက်နေ့ ညတွင်လည်း ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာမှ ဆယ်အိမ်မှူး ဦးပေါ် ထွန်းနှင့် ဦးဇော်မင်းဆိုသူတို့ နှစ်ဦးကိုလည်း အမည်မသိ သေနတ်သမားများက ပစ်သတ်ခဲ့သည်ဟု ဒေသခံ များက ပြောသည်။
ဦးပေါ်ထွန်းတို့နှစ်ဦး လုပ်ကြံသတ်ဖြတ်ခဲ့ရသည့် ဖြစ်စဥ်နှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမှ ထုတ်ပြန် ထားခြင်းမျိုး မရှိပေ။
သထုံခရိုင်အတွင်းရှိ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ပေါင်မြို့နယ်အတွင်း၌ အုပ်ချုပ်ရေးမှူးတွေ၊ ဒလန်ဆိုပြီး သတ် မှတ်ခံရသူများ၊ အစိုးရဝန်ထမ်းများ ပစ်သတ်ခံရသည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားလေ့ရှိသည်။