“ဝ” ဒေသတွင်း ရောင်းစားခံရသော လူငယ်များ နေရပ်ပြန်ရန် အကူအညီလိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်။
“ဝ” ဒေသအတွင်း ရောင်းစားခံထားရသည့် လူငယ် ၁၉ ဦးက နေရပ်ကို ပြန်လာနိုင်ရေးအတွက် အကူအညီများ လိုအပ်နေသည်ဟု မိသားစုဝင်များက ပြောသည်။
ရောင်းစားခံရသူ လူငယ် ၁၉ ထဲတွင် ရှမ်းပြည်နယ် မြောက်ပိုင်းက သီပေါမြို့မှ လူငယ် ၃ ဦးနှင့် ကျောက်မဲမြို့ က လူငယ် ၃ ဦး ပါဝင်နေသည်။
သီပေါမြို့ ရောင်းစားခံရသူ၏ မိသားစုဝင်တစ်ဦး က “ရောင်းစားခံရတဲ့ ၁၉ ယောက်ထဲမှာ သီပေါသုံးယောက်၊ ကျောက်မဲသုံးယောက်။ ကျန်တာကတော့ တခြား ရန်ကုန်ဘက်တို့ ဗမာပြည်အောက်ပြည်ကတွေ ပါတယ်။ ကျနော်ညီလေးက ဒီလိုင်းပေါ်ကနေပဲ အလုပ်ခေါ်စာတွေ တွေ့တယ်။ အဲဒီအလုပ်ခေါ်စာ ပွဲစားတွေနဲ့ ချိတ်ဆက် ပြီး သွားလိုက်တယ်” ဟု ပြောသည်။
“ဝ” ဒေသ မိုင်းပေါက်သို့ သွားရန်အတွက် ပထမအဆင့်အနေဖြင့် သီပေါမြို့ခံ ၃ ဦးကို ပွဲစားက ကားများ ချိတ် ဆက် လာကြိုခိုင်းကာ ထိုမှတဆင့် မိုင်းပေါက်သို့ ရောက်ချိန် နောက်ထပ် ပွဲစား ၅ ဦးက ကုမ္ပဏီ တစ်ခုနှင့် စာချုပ် ချုပ်ကာ ၁ ဦးလျှင် ကျပ်သိန်း ၆၀ ရောင်းစားသွားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။
အဆိုပါ ကုမ္ပဏီမှာ နိုင်ငံခြားသား သူဌေးများထံ အွန်လိုင်းမှ ငွေလိမ်ယူရခြင်း ဖြစ်ပြီး မိန်းမငယ်လေးများ ပုံစံဖြင့် လိမ်လည်လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
၎င်းတို့အရေး လိုက်လံဆောင်ရွက်ပေးနေသူ တစ်ဦးက “အဲဒီမှာရောက်သွားချိန် ကလေးတွေက ရောင်းစားခံရ တာ မသိသေးဘူး။ ကုမ္ပဏီမှာ စာချုပ်တွေ အတင်းအဓမ္မ လက်မှတ်တွေ ထိုးခိုင်းတယ်။ အဲဒီစာချုပ်က ၉ လ စာ ချုပ်ပေါ့။ ပထမလက တရုတ်ငွေ ငါးထောင်ရမယ်၊ ဒုတိယလက သုံးထောင်ငါးရာပဲ ပေးတော့မယ်။ တစ်လ ပြီး တစ်လ လျော့ပြီး ၉ လအတွင်းအလုပ်လုပ်ရမယ်” ဟု ပြောသည်။
ထို့အပြင် “စာချုပ်ထဲမှာ ကလေးတွေကို မနှိပ်စက်ရဘူး။ ကုမ္ပဏီတွေလည်း မပြောင်းရဘူး။ အဲ့ စာချုပ်ထဲပါ တယ်။ ပွဲစားတွေက ကလေးတွေကို ၅ ရက် အစမ်းခန့် လက်မှတ်ထိုးလိုက်တယ်တဲ့။ အလုပ်မလုပ်နိုင်ရင် ပြန် ပြောလာခဲ့ လာခေါ်မယ်။ ၅ ရက်မြောက်တော့ ကလေးတွေက ပွဲစားကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းတာ သူတို့က လာမခေါ်တော့ဘူး နင်တို့ဟာ နင်တို့ထွက်လာလိုက်” ဟု ပြောကြောင်း ကူညီဆောင်ရွက်ပေးနေသူက ဆက် ပြော သည်။
ရောင်းစားခံရသည့် အဆိုပါ လူငယ် ၁၉ ဦး အသက် ၂၀ ကျော်ဝန်းကျင် အရွယ်များသာ ဖြစ်ပြီး အမျိုးသမီး ၆ ဦး ပါဝင်သည်ဟု ဆိုသည်။ ၎င်းတို့သည် ငွေလိမ်သည့် ကုမ္ပဏီတွင် အလုပ် မလုပ်နိုင်ဘူးဟု ပြောဆိုခဲ့သည့်အတွက် ထမင်းစားကတ်များကို သိမ်းထားခံရသည့်အပြင် အပြစ်ပေးခံရသူများလည်း ရှိနေသည်ဟု ဆိုသည်။
အဆိုပါ လူငယ် ၁၉ ဦးသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာကတည်းက ပွဲစားများ၏ ချိတ်ဆက်ပေးမှုကြောင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းပေါက်မြို့သို့ အလုပ်လုပ်ရန် သွားခဲ့ကြခြင်း ဖြစ်သည်။
၎င်းလူငယ် ၁၉ ဦး အရောင်းစားခံရသည့် ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကတည်းက သတင်းဌာနများထံ သတင်းပေးခဲ့သည့်အပြင် ရဲစခန်းကိုလည်း ဖုန်းဆက် အကြောင်းကြားခဲ့သည့်အတွက် ကုမ္ပ ဏီဘက်က အဆိုပါလူငယ်များ၏ ဖုန်းများကို သိမ်းယူလိုက်သောကြောင့် အဆက်အသွယ် ပြတ်သွားခဲ့ သည်ဟု မိသားစုဝင်များက ပြောသည်။
ထို လူငယ် ၁၉ ဦးက “ဝ” ကိုယ်ပိုင်အုပ်ချုုပ်ခွင့်ရဒေသ မိုင်းပေါက်မြို့နယ်အတွင်း ရောင်းစားခံရသည်နှင့် ပတ် သက်၍ လားရှိုးမြို့ရှိ လူကုန်းကူးမှု တိုက်ဖျက်ရေးနှင့် ဌာနဆိုင်ရာများကို တိုင်ကြားခဲ့သော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ အကြောင်းမထူးလာခြင်းကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။
ထို့ကြောင့် အဆိုပါ လူငယ်များ ပြန်လည်လွတ်မြောက်လာနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမြန် ဆုံးကူညီပေးစေချင်သည်ဟု သီပေါမြို့က အရောင်းစားခံရသူများ၏ မိသားစုများက တောင်းဆိုနေ ကြ သည်။