ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်ဟောင်း ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်။

မွန်ပြည်နယ်၊ ပေါင်မြို့က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP လွှတ်တော် ကိုယ် စားလှယ်ဟောင်း ဦးကိုကိုလေး ဆိုသူ အိမ်ဆိုင်တွင် ဈေးရောင်းနေစဉ် ပစ်သတ်ခံလိုက်ရသည်ဟု မြို့ခံများက ပြောသည်။

ပေါင်မြို့၊ ပေါင်းရပ်ကွက်နေ USDP ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကိုကိုလေးသည် ဖေဖော်ဝါရီ ၁ ရက်နေ့၊ ညနေ ၆ နာရီအချိန်ခန့်က နေအိမ်စျေးဆိုင်တွင် စျေးရောင်းနေစဥ် အမည်မသိ သေနတ်သမားနှစ်ဦး က ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးကိုကိုလေးသည် ဝဲဘက်ရင်ညွန့်၊ ဝမ်းဗိုက်၊ မေးစေ့ကျည် ဖောက်ဝင်ဒဏ်ရာ များ ရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်စဥ် လမ်းတွင် သေဆုံးသွားခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

နီးစပ်သည့် မြို့ခံတစ်ဦးက “၇ ချက် ၈ ချက်လောက် ပစ်ခတ်ခံရတယ်။ သေနတ်သမားတွေက အိမ်ထဲထိ ဝင်ပစ် တာ။ ရင်ညွန့်၊ ဝမ်းဗိုက်၊ မေးစေ့၊ လက်တွေမှာ ဒဏ်ရရပြီးတော့ ပေါင်ဆေးရုံကို ပို့တယ်။ အဲကနေတဆင့် မော် လမြိုင်ဆေးရုံကို ပို့တာ ဆေးရုံမရောက်ပဲ လမ်းမှာပဲ ဆုံးသွားတယ်” ဟု ပြောသည်။

ဦးကိုကိုလေးသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦး လည်း ဖြစ်သည်။

ဦးကိုကိုလေးသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ် စားပြု အနေဖြင့် ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး ရှုံးနိမ့်ထားသူဖြစ်သည်။

ဦးကိုကိုလေးကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့ (S.O.F) က ထုတ်ပြန်ထား သည်။

ဦးကိုကိုလေးသည် အာဏာသိမ်းပြီးနောက် ပြည်သူများ ဖမ်းဆီးခံရသည့် ဖြစ်စဥ်များ၊ PDF နှင့် မိသားစုဝင်များ ဖမ်းဆီးသတ်ဖြတ်ခံရသည့် ဖြစ်စဥ်များတွင် ပါဝင်နေသူတစ်ဦး ဖြစ်နေပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် ဦးဆောင် ကြိုးပမ်းနေခြင်းကြောင့် ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်းလိုက်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဦးကိုကိုလေးနှင့် ပတ်သက်၍ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) ၏ ထုတ်ပြန်ပြောဆိုထားချက်များနှင့် ပတ်သက် ၍ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပေါင်မြို့နယ်အတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း နေအိမ်အချို့ ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရမှုများရှိသည့် အပြင် အခြား ကိုယ်စားလှယ် လောင်း ပစ်သတ်ခံရသည့် ဖြစ်စဥ်များလည်း ရှိခဲ့သည်။