သံဖြူဇရပ်တွင် ရိုဟင်ဂျာ ၄၀ ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်။
သံဖြူဇရပ်မြို့နယ်တွင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၄၀ ဦး ဖမ်းဆီးခံရလိုက်ရသည်ဟု ဒေသခံများက ပြော သည်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအနီး ဓနိတောစပ်တနေရာတွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့၊ နံနက် ပိုင်းက အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုး ၄၀ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “ဓနိတောအစပ်မှာ ရိုဟင်ဂျာတွေ ရောက်နေတယ်ဆိုတာ သက်ဆိုင်ရာက သတင်းရပြီးတော့ လာဖမ်းတာ၊ သူတို့က စက်လှေနဲ့ ရောက်လာတာ၊ အားလုံး ၃၀ ယောက်၊ ခလေးလည်းပါတယ်။ တချို့က ဗမာ စကားမပြောတတ်ဘူး၊ ထိုင်းကိုသွားဖို့ ရောက်လာတာလို့ပြောတယ်” ဟု ပြောသည်။
ဝဲကလိကျေးရွာအနီး ဓနိတောအစပ်တွင် ရိုဟင်ဂျာများ ရောက်ရှိနေကြောင်း သတင်းရသဖြင့် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက ဝင်ရောက်ဖမ်းဆီးရာ ရိုဟင်ဂျာ ကျား ၂၅ ဦး၊ မ ၁၂ ဦးနှင့် ကလေး ၃ ဦးတို့ကို ဖမ်းဆီးရမိသည်ဟု ဒေသခံများက ပြောသည်။
ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်ဘက်မှ ဖြစ်ပြီး ပွဲစားဖြင့် ထိုင်းနိုင်ငံသို့ဝင်ကာ ထိုမှတဆင့် မလေးရှားနိုင်ငံသို့ ဆက်သွားရန်ဖြစ်သည်ဟုလည်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူအချို့က ပြောသည်။
လက်ရှိတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများကို သံဖြူဇရပ် မြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်း မှုများ လုပ်ဆောင်နေသည်ဟု သံဖြူဇရပ် မြို့မရဲစခန်းနှင့် နီးစပ်သူများက ပြောသည်။
သံဖြူဇရပ်မြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက “သူတို့က ရခိုင်ကနေလာတာ၊ ထိုင်းသွားမယ် အဲဒီကနေတဆင့် မလေးရှားသွားမယ်လို့တော့ ပြောတယ်၊ စစ်ဆေးနေဆဲ” ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း မုဒုံမြို့နယ်နှင့် မော်လမြိုင်တို့တွင် ရေကြောင်းလမ်းကနေ ရောက်ရှိ လာ သည့် ရိုဟင်ဂျာ ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့သေးသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ် အပါအဝင် နိုင်ငံတ၀ှမ်းတွင် အထောက်အထားမဲ့ ရိုဟင်ဂျာ လူမျိုးများ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ရှိနေသည့်အပြင် အချို့မှာ တရားခံမပေါ်ဘဲ လမ်းတွင်ပင် သတ်ဖြတ်ခံရသည့် ဖြစ်စဥ်များလည်း ရှိနေသည်။