ရန်ကုန်-မော်လမြိုင်ကားလမ်းကို ကားတစ်စီး ပစ်ခတ်ခံရ၊ ယာဉ်မောင်းသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်။
ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ကားတစ်စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းသေဆုံးသွားသည်ဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ် ကမာစိုင်ရွာသစ်ကျေးရွာလမ်းဝ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်တွင် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့၊ နံနက်ပိုင်းက ကုန်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးသွား သည်။
ဒေသခံတစ်ဦးက “ကားက အပစ်ခံရပြီးတော့ လမ်းဘေးကို ထိုးကျသွားတာ ရွာသစ်ကျေးရွာအဝင်ဇရပ်ကို ဝင်တိုက်ပြီးတော့ ရပ်သွားတယ်။ ယာဥ်မောင်းကတော့ ကားမှာပိမိပြီး သေဆုံးနေတယ်၊ ကားမှာတော့ ကျည်ရာ တွေကြီးပဲ” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် စားသောက်ကုန်များ တင်ဆောင်ထားသည့် ဟိုင်းလတ် ယာဥ် တစ်စီး သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင်လာစဥ် ကမာစိုင်ရွာသစ်ကျေးရွာ လမ်းဝ အရောက် တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရ၍ ကားသည် လမ်းဘေးထိုးဆင်းသွားကာ ရွာသစ်ကျေးရွာအဝင် ဇရပ်ကို တိုက်မိပြီး တိမ်းမှောက်သွားခဲ့သည်။
ပစ်ခတ်ခံရပြီး တိမ်းမှောက်သွားသည့်ကားမှ ယာဥ်မောင်းဖြစ်သူ အသက် ၃၄ နှစ်အရွယ် ကိုနိုင်မင်းထွန်း (ခ) ဝက် ကလေးသည် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
KNU သထုံခရိုင်ဘက်ကတော့ စစ်ကောင်စီယာဥ်တန်းကို KNLA ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ပြီး နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားနေစဥ် စားသောက်ကုန်တင်ယာဥ်က မောင်းနှင်လာသည့်အတွက် ကြားညှပ်ပြီး ကျည်ထိမှန်ကာ ယာဥ်မောင်း သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်ပြောဆိုထားသည်။
စစ်ကောင်စီ၏ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် သေဆုံးယာဥ်မောင်းကို KNU နှင့် PDF ပူးပေါင်းအဖွဲ့တို့က ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု ဝါဒဖြန့် ရေးသားထားသည်။
သေဆုံးသူ ယာဥ်မောင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဆူးတက်ကျေးရွာမှဖြစ်ပြီး ရုပ် အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့၏ အကူအညီဖြင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန္နဝါရီလ ၂၂ ရက်နေ့၊ ညပိုင်းကလည်း သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင် ကားလမ်းတွင် မိုင်းပေါက်ကွဲခဲ့ပြီး ကုန်ပစ္စည်းများ တင်ဆောင်လာသည့် အန်စာတုံးယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ သည့် ဖြစ်စဥ် ရှိခဲ့သည်။
ထို့အပြင် ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် မုပ္ပလင်ကျေးရွာတွင် ဇန္နဝါရီလ ၂၅ ရက်နေ့က ဘုရားဖူးယာဉ်ပေါ် သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ၊ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်လည်း ရှိခဲ့သည်။
ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်းရှိ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် ပစ်ခတ်တိုက် ခိုက်မှုများ၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုများ အပြင် အရပ်သားကား ပစ်ခတ်ခံရမှုများလည်း မကြာခဏ ဖြစ်ပွားနေ သည်။