ပို့ကုန်သွင်းကုန်လိုင်စင် လျောက်ထားမှု စည်းကမ်းသစ်များချမှတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်။
ပြည်ပ ပို့ကုန်သွင်းကုန် ခွင့်ပြုချက် လိုင်စင်ရပြီး ၃ လအတွင်း ထုတ်ယူခြင်းမပြုသည့် ပါမစ် လျှောက်ထားမှုများ ကို အလိုအလျောက် ပယ်ဖျက်သွားမည်ဟု ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန် ပြောဆိုလိုက်သည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ က ကုန်သွယ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် “သတ်မှတ်ကာလကို ဌာနမှ ခွင့်ပြုပြီး ၇ ရက်အစား ၃ လ ဟု ပြုပြင် သတ်မှတ်ကြောင်းနှင့် ၃ လ အတွင်း ထုတ်ယူခြင်း မပြုသည့် လိုင်စင်/ပါမစ် လျှောက်ထားမှုများကို စနစ်မှ အလိုအလျောက် ပယ်ဖျက် (Auto Cancel) သွားမည်” ဟု ဖော်ပြ ထားသည်။
ယခင် ၂၀၂၂ ခုနှစ်က ကုန်သွယ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ခွင့်ပြုချက် ရရှိထားသည့် လိုင်စင်များကို ၇ ရက်အတွင်း ထုတ်ယူရမည်ဖြစ်ပြီး ထုတ်ယူမှု မရှိပါက အလိုအလျောက် ပယ်ဖျက် (Auto Cancel) သွားမည် ဟု ဆိုသည်။
သို့သော် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကုန်သွယ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ၇ ရက်အစား ရက် ၃၀ သို့ ပြောင်းလဲ သတ်မှတ်ထားပြီး ထိုကာ လအတွင်း ထုတ်ယူခြင်း မရှိပါက အလိုအ လျောက် ပယ်ဖျက် ( Auto Cancel ) သွားမည်ဟု ပြောသည်။
ခွင့်ပြုချက်ရရှိထားသည့် လိုင်စင်များကို ရက် ၃၀ အတွင်း ထုတ်ယူရန် သတ်မှတ်ထားသော်လည်း ၇ ရက် အတွင်း ထုတ်ယူရမည်ဖြစ်သည့်အပြင် သတ်မှတ် ကာလ အတွင်း မထုတ်ယူပါက ဒဏ်ကြေးငွေပေး ဆောင်ရ မည်ဟု ဆိုသည်။
“ပို့ကုန် သွင်းကုန် လိုင်စင်များ ထုတ်ယူခြင်းကို ဌာနမှ ခွင့်ပြုတဲ့နေမှ စ၍ ၇ ရက်အတွင်း ထုတ်ယူကြရန်နှင့် သတ်မှတ်ကာကအတွင်း ထုတ်ယူခြင်း မပြုပါက ၈ ရက်မှ ၁၄ ရက်အတွင်းထုတ်ယူပါက လိုင်စင်ကြေးအပြင် ဒဏ်ကြေး ငွေကျပ် ၄၅၀၀၀၊ ၁၅ ရက်မှ ၃၀ ရက်အတွင်း ထုတ်ယူပါက လိုင်စင်ကြေးအပြင် ဒဏ်ကြေးငွေ ကျပ် ၉၀၀၀၀၊ ဒုတိယတစ်လ (ရက်ပေါင်း ၃၀ အတွင်း) ထုတ်ယူပါက လိုင်စင်ကြေးအပြင် ဒဏ်ကြေးငွေ ကျပ် ၁၈၀၀၀၀၊ တတိယတစ်လ (ရက်ပေါင်း ၃၀) အတွင်း ထုတ်ယူပါက လိုင်စင်ကြေးအပြင် ဒဏ်ကြေးငွေ ကျပ် ၃၆၀၀၀၀” ပေးဆောင်ရမည်ဟု ကုန်သွယ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။
လက်ရှိတွင် ငွေလဲနှုန်း ပြောင်းလဲမှုများကြောင့် လိုင်စင်ကြေးသည်လည်း ပုံမှန်ထက် ၂ ဆကျော် များနေကြောင်း၊ လိုင်စင်ကြေးများမှာလည်း သတ်မှတ်ပြီးသား နှုန်းထားများ ရှိပြီးသားဖြစ်ကြောင်း၊ စနစ်များသည်လည်း မကြာ ခဏ အပြောင်းအလဲ ဖြစ်နေခြင်းကြောင့် ပိုမိုခက်ခဲရကြောင်း၊ ကြိုတင်လျှောက်ထားခြင်းလည်း အဆင်မပြေ တော့ကြောင်း ကုန်သည်များက ပြောသည်။
တာချီလိတ်နယ်စပ်က ကုန်သွယ်လုပ်ငန်းရှင် တစ်ဦးက “အဲဒီစနစ်က မသုံးတာကြာပြီ။ ဟိုးအရင်တုန်းက စနစ် တွေလေ။ ဒီလို သတ်မှတ်လိုက်တော့ အခက်အခဲ ဖြစ်တာပေါ့” ဟု ပြောသည်။
နယ်စပ် သွင်းကုန် လုပ်ငန်းရှင် တဦးကလည်း “ဒီလိုပါပဲ နည်းမျိုးစုံ လိုက်ကြပ်နေတာ။ ရတဲ့ နည်းနဲ့ လည်ပင်း ညှစ်နေတာ။ နယ်စပ်မှာလည်း လုပ်စားလို့မရအောင်” ဟု ပြောသည်။
ခွင့်ပြုပြီးသည့် ပို့ကုန် သွင်းကုန် လိုင်စင်/ပါမစ်များကို မထုတ်ယူသည့်အတွက် စနစ်မှ အလိုအလျောက် ပယ် ဖျက် (Auto Cancel) သည့် ဖြစ်စဉ်ကို ၃ လ အတွင်း ၅ ကြိမ် ဖြစ်ပွားပါက အဆိုပါ လုပ်ငန်းရှင်၏ ပို့ကုန်သွင်း ကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကို ၆ လ ယာယီ ရပ်ဆိုင်းမည် ဖြစ်သည်ဟု ဆိုသည်။
သတ်မှတ် ကာလ ကျော်လွန် ဆောင်ရွက်မှုများအတွက် ဒဏ်ကြေးငွေ ပေးဆောင်ခြင်း၊ စနစ်မှ ပယ်ဖျက်ခြင်း၊ ပို့ ကုန် သွင်းကုန် လုပ်ငန်းရှင်အား ယာယီရပ်ဆိုင်းခြင်းကို အဆင့်ဆင့် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနှင့် ၎င်း လုပ်ငန်းစဉ်များကို မတ်လ ၁ ရက်နေ့ကစပြီး စတင်ဆောင်ရွက် မည်ဖြစ်သည်ဟု ကုန်သွယ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။