တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ထက်ဝက်ကျော် ကျဆင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်။
နှစ်စဉ်တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ သောင်းကျော်ရှိခဲ့သည့် တနင်္သာရီတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက် ဆက်တိုက်ကျဆင်းလျှက်ရှိပြီး ယခုနှစ်တွင် ဖြေဆိုသူကျောင်းသူ/သား ၄၀၀၀ ပင်မရှိတော့ဘူးဟု ကျောင်းသား မိဘများက ပြောသည်။
တနင်္သာရီတိုင်း အတွင်း ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ကျောင်းသူ/သား စုစုပေါင်း ၃၉၀၀ ကျော်သာ ရှိသည်ဟု တနင်္သာရီတိုင်း ပညာရေးမှူးရုံးမှ စာရင်းများအရ သိရသည်။
တနင်္သာရီတိုင်းတွင် စစ်အာဏာမသိမ်းခင် နှစ်များကမူ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ နှစ်စဉ် သောင်း ဂဏာန်း အထိရှိခဲ့သော်လည်း အာဏာသိမ်းပြီး နောက်ပိုင်းတွင် စာမေးပွဲဝင်ရောက်ဖြေဆိုသူများ သိသာစွာ လျော့နည်း သွားခဲ့ခြင်း ဖြစ်သည်။
မြိတ်မြို့သစ်ရပ်ကွက် နေထိုင်သူ အသက် ၄၀ခန့်အရွယ် ကျောင်းသား မိခင်တစ်ဦးက “လုံခြုံရေးကတော့ တင်း ကြပ်ထားတယ်။ ရဲရော စစ်သားတွေရော မီးသတ်၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက အစ အစုံ ပါတယ်။ အိမ်ကကလေးက မြို့သစ်ကျောင်းမှာ ဖြေတဲ့သူ နည်းတော့ အထက ၂ ကျောင်းမှာ သွားပြီးဖြေရ တယ်” ဟု ပြောသည်။
၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့က စတင်ကျင်းပခဲ့သည့် ဆယ်တန်းစာမေးပွဲအတွက် တနင်္သာရီတိုင်းအတွင်း စာစစ် ဌာန ၁၉ ခုရှိသည်ဟု တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စာမေးပွဲဖြေဆိုရန် စာရင်းသွင်းသူ ၄၃၀၃ ဦးရှိသည့်အနက် မြန်မာစာ စတင် ဖြေဆိုသည့် နေ့တွင် ၃၉၀၈ ဦးသာ လာရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ ၃၉၅ ဦးရှိသည်ဟု တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူက ဆက်ပြောသည်။
စာမေးပွဲအား ဝင်ရောက်ဖြေဆိုသူများမှာ ထားဝယ်ခရိုင်မှ ၆၁၈ ဦး၊ မြိတ်ခရိုင်မှ ၂၈၅၇ ဦး၊ ကော့သောင်းခရိုင်မှ ၂၄၂ ဦးနှင့် ဘုတ်ပြင်း ခရိုင်မှ ၁၉၁ ဦး စုစုပေါင်း ၃၉၀၈ ဦး ရှိသည်။
စာမေးပွဲဖြေဆိုကြသည့် ကျောင်းဝင်းပတ်လည်နေရများက လမ်းများကိုလည်း စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်အောက်ခံရဲတပ်ဖွဲ့ အခြားတပ်ဖွဲ့ဝင်များက ပိတ်ဆို့တားဆီးထားကာ လုံခြုံရေးယူထားသည်ဟု ဆိုသည်။
အလားတူ စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းအတွင်းက အဆောင်အအုံများအနီးတွင်လည်း စစ်သားနှင့် ရဲများ က လက်နက်ကိုင်ဆောင်ကာ သွားလာနေသည်ကို တွေ့မြင်ခဲ့ရသည် ကျောင်းသားမိဘတစ်ဦးက ပြောသည်။
၂၀၂၂-၂၃ ပညာသင်နှစ်တွင် ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စနစ်ဟောင်း – သင်ရိုးဟောင်း၏ နောက်ဆုံးစစ်ဆေးခြင်း နှစ်ဖြစ်သည်ဟုလည်း တိုင်းပညာရေးမှူးရုံး ဝန်ထမ်းတစ်ဦးက ဆိုသည်။
တနင်္သာရီတိုင်းတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ကျင်းပခဲ့သည့် တက္ကသိုလ်ဝင် တန်း စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၄၃၅၉ ဦး ရှိခဲ့သည့်အနက် ၂၀၀၃ ဦး အောင်မြင်ခဲ့သည်။