လပွတ္တာတွင် ကလေး ၂ ဦး အစာသင့် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်။

ဧရာ၀တီတိုင်း၊ လပွတ္တာမြို့နယ်၊ ကလေး ၄ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားပြီး နှစ်ဦးမှာ သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

လပွတ္တာမြို့နယ်၊ အနောက်သိုင်းချောင်းကျေးရွာ မှ ကလေး ၄ ဦး ဘဲသားဟင်းနှင့် ထမင်းစားပြီး ဖရဲသီး ထပ်စား ရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ရာ နှစ်ဦး သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။

ဒေသခံ လူမှု ကူညီရေး အဖွဲ့ဝင်တစ်ဦးက “ဘဲသားဟင်းကို အတူတူစားတဲ့ မိဘလူကြီးတွေက ဘာမှမဖြစ်ဘူး။ ဖရဲသီး စားတဲ့ ကလေး ၄ ယောက်က မူးဝေအော့အန်လို့ ကန်ဘက် ဆေးရုံကို အချိန်မှီပို့တယ်။ အစာတွေပြန်ပြီး ပိုက်နဲ့ ပြန်ထုတ်တာတွေလုပ်တယ်။ ဒါပေမယ့် အဲဒီနေ့ ညနေ ၃ နာရီမှာ တစ်ယောက်၊ ၃ နာရီခွဲမှာ တစ်ယောက် ဆုံးသွားတယ်” ဟု ပြောသည်။

မတ်လ ၇ ရက်နေ့က နေ့လည်စာကို ထမင်း၊ ကရဝေးရွက်၊ ဟင်းခတ်အမွှေးအကြိုင်များဖြင့် ချက်ထားသည့် ဘဲသား၊ အာလူးဟင်းကို မိသားစုနှင့် အတူ စားသောက်ပြီးနောက် ကလေး ၄ ဦးက ဖရဲသီး ထပ်မံစားခဲ့ကြောင်း ရဲဆေး စစ်ချက်မှတ်တမ်းများ အရ သိရသည်။

ဖရဲသီးထပ်မံ စားပြီးနောက် မူးဝေအော့အန်ကြသည့် အသက် ၁၃ နှစ်အရွယ်ရှိသူ မောင်ဘုန်းမြတ်မင်း ၊ အသက် ၁၇ နှစ်အရွယ်ရှိ မောင်ရဲဝင်းနိုင်၊ အသက် ၃ နှစ်အရွယ်ရှိသူ မောင်နေထက်နိုင်နှင့် အသက် ၇ နှစ်အရွယ် မသက် ထားဦးတို့ အနက် မောင်ဘုန်းမြတ်မင်းနှင့် မောင်နေထက်နိုင်တို့ နှစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

အသက်ရှင်လျှက် ကျန်ရှိနေသည့် မောင်ရဲဝင်းနိုင်နှင့် မသက်ထားဦးတို့မှာ မတ်လ ၈ နေ့တွင် ကန်ဘက်တိုက်နယ် ဆေးရုံမှ တစ်ဆင့် လပွတ္တာမြို့ ကုတင် (၂၀၀) ဆေးရုံသို့ ပြောင်းရွှေ့ကာ မတ်လ ၁၀ ရက်နေ့အထိ ဆက်လက် ဆေးကုသမှုခံယူနေကြရ သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

အစာဆိပ်သင့်ကာ ကလေး ၂ ဦး သေဆုံးခဲ့ခြင်းနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က သေမှု/သေခင်း ရေးဖွင့်ထားပြီး သေ ဆုံးသွားသည့်ကိစ္စနှင့် ပတ်သက်၍ ဆက်လက် စစ်ဆေး ဆောင်ရွက်လျက် ရှိသည်ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ အချို့ ၏ ပြောပြချက်များအရ သိရသည်။