စစ်ကောင်စီတပ် ရွာမီးရှို့၊ ရွာသားများဖမ်း၊ လူ ၅၀၀ ကျော် ထွက်ပြေးနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်။

ကုန်းလမ်း၊ ရေးလမ်းတို့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာသည့် စစ်ကောင်စီတပ် ဖွဲ့က လောင်းလုံးမြို့၊ ပညစ်ကျေးရွာအတွင်းက မီးရှို့ခြင်းနှင့် ရွာသား ၇ ဦးကို ဖမ်းဆီးသွားသည့်အတွက် ရွာသား ၅၀၀ နီးပါးခန့် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။

တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ လောင်းလုံးမြို့နယ်၊ ကမ်းပနီကျေးရွာဘက်မှ ဝင်လာသည့် စစ်ကောင်စီတပ်က မတ်လ ၁၀ ရက်နေ့၊ နံနက် ၆ နာရီခွဲ အချိန်ခန့်မှစတင်ပြီး ပညစ်ကျေးရွာသို့ ရောက်ရှိလာကာ မီးရှို့နေခြင်း ဖြစ် သည်ဟု ရွာသားများက ပြောသည်။

အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက “သေနတ်တွေပစ်ပြီး စစ်တပ်ဝင်လာပြီ ဆိုကတည်းက ရွာထဲမှာ လူ မရှိတော့ဘူး။ အိမ်တွေကို မီးရှို့ပြီးတဲ့အပြင် တံခါးပိတ်ထားတဲ့ ဈေးဆိုင်တွေနဲ့ အိမ်တချို့ကို ဖျက်ဆီး ဝင် ရောက်ပြီး တန်ဖိုးရှိ ပစ္စည်းတွေ ယူသွားကြသေးတယ်” ဟု ပြောသည်။

ပညစ်ကျေးရွာသားများဖြစ်သည့် ဦးကြည်ဝင်း၊ ဒေါ်ပိုသန်း၊ ဒေါ်စိန်နွဲ့နှင့် ကိုဇော်ဦးတို့၏ နေအိမ်များ မီးရှို့ ဖျက်ဆီးခံလိုက်ရသည်ဟု ရွာသားတစ်ဦးက ဆိုသည်။

ပညစ်ကျေးရွာအတွင်း ဝင်ရောက်မလာခင်ကပင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးများ၊ အမျိုးသမီးများ အပါအဝင် ဒေသခံ ပြည်သူ ၅၀၀ ကျော် ဘေးလွတ်ရာ သို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

စစ်ကောင်စီတပ်မှ နေအိမ် ၄လုံးနှင့် ဆိုင်ကယ်တစီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြန်လည်ထွက်ခွာ သွားချိန်တွင်လည်း လမ်းကြောင်းတစ်လျှောက် တွေ့ရသည့် ရွာသား ၇ ဦးကိုလည်း ဖမ်းဆီးသွားခဲ့သေးသည်ဟု ရွာသားများက ပြောသည်။

ဖမ်းဆီးခံရသူများအနက် ရွာသား ၂ ဦးကိုမူ ပြန်လွှတ်ပေးခဲ့ပြီး ကျန် ရွာသား ၅ ဦးကို ဆက်လက် ဖမ်းဆီးခေါ် ဆောင်သွားသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

စစ်ကောင်စီတပ်က ထိုနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် တောလမ်းအတိုင်း လောင်းလုံးမြို့ဘက်သို့ ပြန်လည် ထွက်ခွာသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ပညစ်ကျေးရွာမှ ပြန်လည်ထွက်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့မှာ တောင်ကြောများအတွင်း ရှိနေနိုင်သေး သဖြင့် ရွာသားအများစုမှာ နေအိမ်များသို့ မပြန်ရဲကြသေးဘဲ တိမ်းရှောင်နေကြရဆဲဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

လောင်းလုံးမြို့ အနောက်ဖက် လေးမိုင်ခန့်အကွာတွင် တည်ရှိသည့် ပညစ်ကျေးရွာသည် အိမ်ခြေ ၁၂၀ ကျော်ရှိပြီး မတ်လ ၆ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့သော ပျူစောထီးစခန်း တည်ရှိရာ ကရင်ကြီးကျေးရွာ၊ ကမ်းပနီကျေးရွာတို့နှင့် ရွာချင်းဆက် ကုန်းလမ်းခရီး သွားလာ၍ ရသည့် ကျေးရွာ တစ်ရွာဖြစ် သည်။