ရေတပ်မော်တော်များကို PDF များ စောင့်ကြိုတိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်။

ရေတပ်နှင့် ပျူစောထီးများ ပူးပေါင်း အင်အား ၅၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြို တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

မတ်လ ၉ ရက်နေ့က စစ်ကောင်စီ ရေတပ်နှင့် ပျူစောထီးများက မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ သော်တောင်ငယ်ကျေးရွာနှင့် သံပြာကျေးရွာ အနီး ချောင်းရိုးအတွင်းသို့ စစ်သင်္ဘောအငယ် နှစ်စီး၊ သားပေါက်(မော်တော်ဘုတ်) တစီး၊ စုစုပေါင်း သုံးစီးဖြင့် မွန်းတည့် ၁၂ နာရီခန့်က ဝင်ရောက်လာစဉ် ဘန္ဒနဲကျေးရွာအနီး မတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲနှင့် ပတ်သက်၍ “သူတို့ဘက်က အငိုက်မိပြီး အထိနာသွားတော့ နောက်ကြောင်း ပြန်လှည့် ဆုတ်သွား တယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိက ပြောသည်။

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဘန္ဒနဲကျေးရွာအုပ်စု၊ မြိုင်သာကျေးရွာတွင် မတ် ၅ ရက်နေ့၊ ညပိုင်းက စစ်ကောင်စီ သတင်းပေးဆိုသူ တစ်ဦး ပစ်သတ်ခံရပြီးနောက် ယခုကဲ့သို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်း ဖြစ်သည်ဟု သည်။

ထိုသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဘန္ဒနဲကျေးရွာ အနီးတွင် ကြိုတင်စောင့်ဆိုင်း ပစ်ခတ်ခဲ့ရာ နှစ်ဖက်ကြား ၁၀ မိနစ်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ သည်ဟု ကျွန်းစု-ပကဖ အဖွဲ့က မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၄ ဦး ထိဒဏ်ရာရရှိသွားခဲ့ကာ ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ပကဖ ဘက်မှ ထိခိုက်ကျဆုံးမှုမရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

စစ်ကောင်စီတပ်ဘက်က ယခုကဲ့သို့ ရေတပ်ကို သုံးပြီး ထိုးစစ်ဆင် ဝင်လာခဲ့ခြင်းမှာ စစ်ကောင်စီ သတင်းပေးဟု နာမည်ထွက်နေသည့် ဦးခင်ချို ဆိုသူ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းနှင့် သက်ဆိုင်နေသည်ဟု ဒေသခံများက ဆိုသည်။

ထုတ်ပြန်ချက်အတွင်း ဦးခင်ချိုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီး ပစ်ခတ်မှု မပြုလုပ်မှီ စစ်ကောင်စီ သတင်းပေး မလုပ်ရန် သတိပေးစာများ အကြိမ်ကြိမ်ပေးပို့ခဲ့သည်ဟု ရေးသား ထားသည်။

ထို့သို့ သတိပေးထားခဲ့သော်လည်း ဦးခင်ချိုသည် စစ်ကောင်စီ ရေတပ် စစ်သင်္ဘောများထံသို့ PDF တပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုများကို ဓါတ်ပုံမှတ်တမ်းများ ပေးပို့ခြင်း၊ ဖုန်းဖြင့်သတင်းများ ပေးပို့ခြင်းကို ဆက်လက် လုပ်နေကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ဦးခင်ချို့အပါအဝင် အမျိုးသား ၃ ဦးကို ဖမ်းဆီးခံရသည်ဟု ထုတ်ပြန်ချက်၌ ရှင်းပြထားသည်။

ဖမ်းဆီးခံရသူ ၃ ဦးအနက် ဦးခင်ချို တစ်ဦးသာ ပစ်သတ်ခံရပြီး ကျန်အမျိုးသားနှစ်ဦးကိုမူ ညတွင်းချင်း ပြန်လွှတ် ပေးခဲ့သည်ဟု ရွာသားများက ပြောသည်။

ကျွန်းစုမြို့နယ်အတွင်း စစ်ကောင်စီမှ အကြမ်းဖက်မှုများ ပိုမိုပြုလုပ်လာနိုင်သည့် အတွက် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများသည် လုံခြုံရေးသတိ ရှိရှိသွားလာကြရန် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

ဘန္ဒနဲကျေးရွာသည် မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးတစ်ရွာဖြစ်ကာ ရေလုပ်ငန်းကို လုပ်ကိုင်ကြပြီး ရေလမ်းခရီးဖြင့်သာ အခြားနေရာများသို့ သွားလာနိုင်သည့် ရွာတစ်ရွာလည်းဖြစ်သည်။