ယမန်နေ့က ပင်လောင်းတိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၃၀ လောက် ကျဆုံးမည်ဟု ခန့်မှန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ရှမ်းပြည် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ် သား အယောက် ၃၀ ဦးခန့် ကျဆုံးနိုင်သည်ဟု ကရင်နီမဟာမိတ် တော်လှန်ရေး အင်အားစုများက ပြောသည်။

လုံးပျဉ်ကျေးရွာနှင့် တောင်မဲသင်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNA) ပူး ပေါင်းတပ်များအား ကရင်နီမဟာမိတ် တော်လှန်ရေး အင်အားစုများက မတ်လ ၂၉ ရက်နေ့၊ နေ့လည် ၁၁ နာရီခွဲ အချိန်မှ ညနေ ၆ နာရီကျော်အထိ ၇ နာရီကြာ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ အလယ်ပိုင်းတိုင်း ဒီးမော့ဆို (၁၁၀၂) တပ်ရင်းမှ ပြန်ကြား ရေး တာဝန်ရှိသူ တစ်ဦးက “အကျအဆုံးကတော့ ကျမတို့ ရဲဘော်တွေ ကိုယ်တိုင် တိုက်ခိုက်တဲ့ အခါကျတော့ အဲလို ခန့်မှန်းတာပေါ့။ နောက်မှပဲ လေယာဉ်လာပစ်တာ။ လက်နက်ကြီးကြောင့် မဟာမိတ်တပ်ရင်းရော ကျမ တို့ တပ်ရင်းရော နည်းနည်း ထိတာပေါ့” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အယောက် ၃၀ ဦးခန့် ကျဆုံးခဲ့သည် ဆိုခြင်းမှာ ကရင်နီမဟာမိတ် တော်လှန် ရေး အင်အားစုများ၏ စစ်ရေးအတွေ့အကြုံအရ ခန့်မှန်းမှုသာဖြစ်ပြီး သတင်းနှင့် မီဒီယာကွန်ယက် အနေဖြင့် အတည်ပြုနိုင်ရန် စုံစမ်းနေဆဲ ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ Jet Fighter တိုက်လေယာဉ်ဖြင့် ၂၄ ကြိမ်ခန့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အလယ်ပိုင်း တိုင်း ဒီးမော့ဆို (၁၁၀၂) တပ်ရင်းမှ ရဲဘော်တစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆို (DMO PDF) မှ ၂ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ် – မိုးဗြဲ (MBPDF) ဘက်မှ တစ်ဦး ကျဆုံးသည်ဟု တာဝန်ရှိသူများက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် ဒီးမော့ဆို PDF တပ်ရင်း ၂ ခုနှင့်အတူ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု (KRU)၊ ဖယ်ခုံ PDF၊ မိုးဗြဲ PDF၊ နေပြည်တော် PDF တို့မှ ပါဝင်တိုက်ခိုက်ခဲ့သည်ဟု ဆို သည်။

ပင်လောင်းမြို့နယ် တိုက်ပွဲများမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်းက စတင်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ် နှင့် ကရင်နီမဟာမိတ် တော်လှန်ရေး အင်အားစုတို့မှ အပြန်အလှန် ထိုးစစ်ဆင်နေကြသည်ဟု အလယ်ပိုင်းတိုင်း ဒီးမော့ဆို (၁၁၀၂) တပ်ရင်းမှ ပြန်ကြားရေး တာဝန်ရှိသူက ဆက်ပြောသည်။

“စစ်တပ်ကလည်း နေ့တိုင်း ထိုးစစ် လုပ်နေတဲ့ အခါကျတော့လေ ကျမတို့ဘက်လည်း ထိုးစစ်လုပ်တယ်။ ခုခံစစ် ဒေသလည်း ရှိတယ်။ ကယားပြည်နယ် ဒီးမော့ဆိုမှာလည်း ဖြစ်နေတယ်။ ရှမ်းတောင် ပင်လောင်း၊ ဖယ်ခုံမှာ လည်း ဖြစ်နေတယ်ပေါ့။ စစ်ကောင်စီလည်း ထိုးသလို ကျမတို့လည်း ခုခံရင်းနဲ့ ထိုးစစ်ဆင်တာလည်း ရှိတာ ပေါ့။”

ယခုကဲသို့ ထိုးစစ်ဆင်မှုမှာ NUG အစိုးရ၏ ၂၀၂၃ ခုနှစ်အတွင်း ထိုးစစ်ဆင်မည်ဟူသော ကြေညာချက်ကြောင့် မဟုတ်ပဲ ထိုးစစ်/ခံစစ် တိုက်ပွဲများမှာ ၎င်းတို့ အတွက် အမြဲလိုလို ရှိနေမည်ဟု ကရင်နီမဟာမိတ် တော်လှန်ရေး အင်အားစုများက ပြောသည်။

သို့ဖြစ်၍ ပင်လောင်းမြို့နယ်သို့ ထိုးစစ်ဆင်မှုများမှာ တိုက်ပွဲအရေအတွက်အားဖြင့် အကြိမ် ၂၀ ထက်မနည်း ရှိနေ ပြီဖြစ်ပြီး တိုက်ပွဲ၏ ၃ ပုံ ၂ ပုံခန့်ကို ဒီးမော့ဆိုမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်များက ပါဝင်တိုက်ခိုက်ခဲ့ကြ သည်ဟု ဆိုသည်။

DMO PDF မှ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “တော်လှန်ရေး အင်အားစု ဖြစ်တဲ့အတွက် ကျနော်တို့ နိုင်သလောက် ကြိုးစားပြီး တိုက်ရမှာပဲ။ ဒီခံယူချက်နဲ့ပဲ ရည်မှန်းချက်တွေ အနာဂတ်တွေ စွန့်လွှတ်ပြီးတော့ ကျနော် တို့ ရဲဘော်တွေ တိုက်နေတာပေါ့နော်။ ရာခိုင်နှုန်းကတော့ ပြောလို့ မရသေးဘူးပေါ့” ဟု ပြောသည်။

စစ်ကောင်စီတပ်များ အနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်ကတည်းက ကရင်နီနှင့်ရှမ်းအစပ်တွင် လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခများ ဖန်တီး၍ သပ်လျှိုသွေးခွဲလာခြင်းကြောင့် ပင်လောင်းမြို့နယ်အတွင်း ၎င်းတို့၏ ထိုးစစ် တိုက်ပွဲများသည်လည်း အလားတူ ဖြစ်ရပ်မျိုး မဖြစ်စေရေးအတွက် ပအိုဝ်းဒေသခံများအနေဖြင့် ချင့်ချိန်၍ ယုံ ကြည်ကြရန် ကရင်နီမဟာမိတ် တော်လှန်ရေး အင်အားစုများက သတိပေးထားသည်။