စစ်ကောင်စီတပ်က ထီးချိုင့်တွင် ရွာများ မီးဆက်ရှို့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂ ရက်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းက ညောင်ပင်သာကျေးရွာအား မီးရှို့ခဲ့သော စစ်ကောင်စီတပ်သည် မယ်ဇလီ ဆိုသည့် ကျေးရွာအား မီးရှို့နေသည်ဟု ဒေသခံများက ပြောသည်။

ဧပြီလ ၂ ရက်နေ့၊ မွန်းလွှဲ ၂ နာရီအချိန်ခန့်တွင် မယ်ဇလီကျေးရွာအား မီးရှို့ခဲ့သည့်အပြင် ရတနာအောင်(စစ်တန်း) ဆိုသည့် ကျေးရွာတစ်ရွာကိုလည်း မွန်းလွှဲ ၃ နာရီအချိန်ခန့်တွင် ထပ်မံမီးရှို့သွားသည်ဟု ဒေသခံများက ပြော သည်။

“မယ်ဇလီကို ၂ ဖွဲ့ခွဲရှို့ပြီးတော့ မယ်ဇလီကို ၂ နာရီလောက်က မီးရှို့တာ၊ ဘယ်နှစ်လုံးရှို့ခံရလဲ မပြောတတ်သေး ဘူး။ အခုထိ မထွက်သေးဘူး။ ရွာမှာပဲ ရှိနေသေးတာ။ အင်အားက တစ်ရာကျော်လောက်ရှိမယ်။ ကြက်သွန် ခင်း၊ ရေဝ၊ ပိန္နဲကုန်း၊ ကျောင်းဝန်းထဲမှာနေတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မယ်ဇလီကျေးရွာ မီးရှို့ခံရမှုအတွင်း အိမ်ခြေမည်မျှ ပျက်စီးသွားသည်ကို ဧပြီလ ၂ ရက်နေ့၊ ည ၉ နာရီအချိန်ထိ မသိရသေးပေ။ စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်းရှိနေသောကြောင့် အိမ်ခြေအလုံးရေမည်မျှ ပျက်စီး သွားသည်ကို စာရင်းရရှိနိုင်ရေး ခက်ခဲနေသည်ဟု ဒေသခံများက ဆိုသည်။

မယ်ဇလီကျေးရွာကို မီးရှို့နေသည့် အဆိုပါ စစ်ကောင်စီ အဖွဲ့သည် ညောင်ပင်သာကျေးရွာအတွင်း အိမ်ခြေ ၄၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ဆိုသည်။

ထို့အပြင် ထီးချိုင့်မြို့နယ်အတွင်းက ညောင်ပင်ကုန်း၊ မယ်ဇလီနှင့် ရတနာအောင် (စစ်တန်း) ကျေးရွာတို့အား မီးရှို့ ခဲ့သည့် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဧပြီလ ၁ ရက်နေ့က ရတနာအောင်ကျေးရွာက ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၂ ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်သွားသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“သူတို့အဖွဲ့နဲ့ သူတို့ ပစ်သတ်တာပေါ့၊ အစိမ်းက လူကို ပစ်သတ်တာ။ နှစ်ယောက်။ သူတို့ဟာနဲ့သူတို့ ပစ်သတ် တာ။ သူတို့ပျူစစ်တပ်တွေကလည်းပါတယ်။ ရတာအောင်ကပေါ့။ ငမိုင်းရှည်တို့၊ ငမိုင်းပုတို့ ငမိုင်းတို့ရဲ့ သား တွေကနေပြီးတော့ လှုပ်ရှားနေတာ။ အဲ့လူတွေက သူတို့အဖွဲ့ထဲက နှစ်ယောက် ပစ်သတ်ခံလိုက်ရတာ။”

ထို့အပြင် ငါးအိုး ၁၂၁ တပ်မှ စစ်ကူပို့လိုက်သော ကား ၂ စင်းနှင့် သယ်လာသည့် အင်အား ၁၀၀ ခန့်သည်လည်း ကြက်သွန်ခင်းနှင့် ပိန္နဲကုန်းကျေးရွာ အကျော်၌ ရောက်နေပြီဟု ဒေသခံများက ဆိုသည်။

စစ်ကူလာသည့် စစ်ကောင်စီတပ်အား သော်ကဖက်၌ ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ဖြတ်တိုက်ထားသဖြင့် စစ်ကောင်စီဘက်က အကျအဆုံးများရှိသည်ဟုသာ သိရသေးပြီး အတိအကျကိုမူ မြေပြင်တွင် စစ်ရေးတင်းမာ နေသောကြောင့် မသိရသေးဘူး။

စစ်ကောင်စီတပ်က အဆိုပါ ကျေးရွာများထဲရောက်ရှိနေသည့်အပြင် ပြည်သူ့ကာကွယ်ရေးတပ်များကလည်း အနီးအနားတွင် ရှိနေသောကြောင့် ယနေ့ည၌လည်း အချိန်မရွေး ထိတွေ့မှုများ ရှိနိုင်ဟု ဒေသခံများက ခန့်မှန်း ပြောဆိုနေကြသည်။