PDF ထောက်ပံ့မှုဖြင့် ဖမ်းဆီးခံထားရသူ တစ်ဦး အချုပ်ခန်းအတွင်း ကြိုးဆွဲချသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်။
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသူ ကလိန်အောင်မြို့ခံ နှစ်ဦးအနက် တစ်ဦးမှာ ကြိုးဆွဲချသေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီက PDF အဖွဲ့များကို ထောက်ပို့လုပ်နေသည် ဟု စွပ်စွဲကာ ဖမ်းဆီးသွားသည့် ကလိန်အောင်သား နှစ်ဦးအနက် တစ်ဦးသည် အချုပ်ခန်းအတွင်း ပုဆိုးဖြင့် ကိုယ့်ကိုကိုယ် ကြိုးဆွဲချ သတ်သေသွားခဲ့ခြင်း ဖြစ်သည် ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။
မိသားစုနှင့် နီးစပ်သူတစ်ဦးက “ကလိန်အောင် ရဲစခန်းက အရပ်ဝတ်နဲ့ တစ်ယောက်လာ အကြောင်းကြားတယ်။ အချုပ်ခန်းထဲမှာ ဦးဖြူ တစ်ယောက် ပုဆိုးနဲ့ ဇွဲကြိုးချ သတ်သေသွားတယ် ဆိုပြီး ပြောသွားတာ” ဟု ပြော သည်။
PDF အဖွဲ့များအား ထောက်ပို့လုပ်နေသည်ဟု စွပ်စွဲကာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ကလိန်အောင်မြို့၊ အမှတ် ၂ ရပ်ကွက်တွင် နေထိုင်သူ ဦးဖြူ အသက် ၅၀ နှစ်သည် ချုပ်နှောင်ထားသည့် ရဲစခန်းအတွင်း ဧပြီလ ၁၁ ရက်နေ့၊ နံနက် ၃ နာရီအချိန်ခန့်က အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံရပြီး ၃ ရက်မြောက်နေ့တွင် ယခုကဲ့သို့ ဦးဖြူ ကြိုးဆွဲချ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ နေအိမ်တို့တွင် ရှိနေသည့် ကိုလေးမြင့် နှင့် ဦးဖြူတို့ကို စစ်ကောင်စီက ဧပြီလ ၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်၏ ဖိအားများကြောင့် ဦးဖြူ ကြိုးဆွဲချပြီး သတ်သေသွားခြင်း ဖြစ်နိုင်သကဲ့သို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ နှိပ်စက်ညှင်းပမ်းခြင်းတို့ကြောင့် သေဆုံးသွားခြင်းမျိုးလည်း ဖြစ်နိုင်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။
ဦးဖြူ နှင့် ကိုလေးမြင့်တို့ နှစ်ဦးကို စစ်ကောင်စီ၏ စစ်ကြောရေးစခန်းကို နောက်တစ်ရက် နံနက်ပိုင်းတွင် ပို့ ဆောင်မည်ဟု ညပိုင်း တာဝန်ကျရဲက ပြောဆိုခဲ့ပြီးနောက် ကျန်အချုပ်သားများ အိပ်စက်နေချိန် ယခုကဲ့သို့ လုပ် သွားခဲ့ခြင်းဖြစ်သည်ဟု လာရောက်အကြောင်းကြားသူက မိသားစုအား ပြောဆိုသွားသည်ဟု မိသားစုနှင့် နီးစပ်သူ က ပြောသည်။
သေဆုံးသွားသည့် နံနက်ပိုင်း အချိန်၌ပင် ဦးဖြူ၏ အလောင်းကို ကလိန်အောင်မြို့ ဆေးရုံရှိ ရင်ခွင်ရုံသို့ ပို့ဆောင် ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ရဲစခန်းမှ မိသားစုထံ ပြန်ပေးခဲ့ရာ ထိုနေ့ နေ့လည်ပိုင်းတွင် နေအိမ်သို့ ပြန်သယ်ယူလာပြီး သင်္ဂြိုလ်လိုက်ပြီဟု ဆိုသည်။
အရပ်သားတစ်ဦး ဖြစ်သည့် ဦးဖြူ သေဆုံးချိန်တွင် ဇနီး နှင့် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။