ထားဝယ် သပိတ်ခေါင်းဆောင်ကို သိန်း ၃၀၀ ဆုငွေထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်။

ထားဝယ်ခရိုင်သပိတ်ကော်မတီ ဦးဆောင်နေသူကို ဖမ်းဆီး၊ သတင်းပေးသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ကျပ်ငွေသိန်း ၃၀၀ လက်ငင်းပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက လိုက်လံကြော်ငြာထားသည်။

ဆုငွေထုတ်ခံရသူမှာ ကိုမင်းလွင်ဦး ဆိုသူဖြစ်ပြီး ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှ လူထုစည်းရုံး လှုံ့ဆော်ရေး ကော်မတီ တာဝန်ခံ တစ်ဦးဖြစ်သည်။

သိန်း ၃၀၀ ဖြင့် ဖမ်းဝရမ်းထုတ်သည်နှင့် ပတ်သက်၍ “ဒါဟာ ပြည်သူအချင်းချင်းကို ရန်တိုက်ပေးတာပါပဲ။ ကလေးဆန်တဲ့ အပြုအမူပေါ့။ ဆုငွေထုတ်ပြီဆိုရင် လူယုံပူးသတ်မှာကို အထူး ဂရုစိုက် သတိထားရလိမ့်မယ်။ ငွေမက်ပြီး သစ္စာဖေါက်တာမျိုး မကြာခဏကြားနေရတာ” ဟု အသက် ၅၀ ခန့်အရွယ် မြို့ခံ အမျိုးသားတစ်ဦး က ပြောသည်။

ကိုမင်းလွင်ဦးသည် စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လကတည်းက ပုဒ်မ ၅၀၅-က နှင့် ဖမ်း ဝရမ်းထုတ်ခံထားရသူ ဖြစ်ပြီး ၂၀၂၃ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူမည့် တရားခံပြေး စာရင်းတွင်လည်း ပါဝင်နေသည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူက ပြောသည်။

ကိုမင်းလွင်ဦးသည် လောင်းလုံးမြို့နယ်အတွင်း နယ်မြေအေးချမ်းသာယာမှုကို ပျက်ပြားစေရန် လူငယ်များအား စည်းရုံးပြီး သွေးထိုးလှုံ့ဆော်ကာ ဆူပူဆန္ဒပြနေသူ ဖြစ်ကြောင်း သားသမီးများအတွက် စိတ်ပူသောက ရောက် နေသည့် မိဘများက လာရောက်တိုင်ကြားမှုများ ရှိသည့်အတွက် အမြန်ဆုံး ဖမ်းဆီးအရေးယူနိုင်ရန် ဆုငွေ ထုတ် ရခြင်း ဖြစ်သည်ဟု စစ်ကောင်စီ၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ထားချက်အပေါ် ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦးက အမှန်တကယ် နယ်မြေ အေးချမ်းသာယာမှုကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်နေသူများမှာ စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက် ခံတပ်ဖွဲ့ဝင်များသာ ဖြစ်ကြောင်း တုံ့ပြန် ပြောဆိုသည်။

ဧပြီလ ၁၂ ရက်နေ့၊ နံနက်ပိုင်း အချိန်မှ စတင်ပြီး လောင်းလုံးမြိုပေါ်ရှိ လမ်းဆုံ လမ်းခွ လူစည်ကားသည့် နေရာ များနှင့် ဓါတ်တိုင်များတွင် အဆိုပါ ကြော်ငြာစာကို လိုက်လံကပ်ခဲ့ခြင်းပြီး ယခုလုပ်ရပ်သည် တနင်္သာရီ တိုင်းအတွင်း စစ်ကောင်စီမှ ပထမဆုံးအကြိမ် အဖြစ် ဆုကြေးငွေ ထုတ်ခြင်းလည်းဖြစ်သည်။

ကိုမင်းလွင်ဦးကို တော်လှန်ရေးအတွက် လူထုစည်းရုံးရေးများ လုပ်ဆောင်နေသည်ဟု ဆိုကာ ဝရမ်းထုတ် စာ ကပ်လုပ်နေသော်လည်း ဆုကြေးငွေမထုတ်ဘဲ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းများကို ခံနေကြရသည့်သူ အများ အပြားရှိနေသောကြောင့် စိတ်ပူစိုးရိမ်စရာ မလိုဘူးဟု ကိုမင်းလွင်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း ဒီမိုကရေစီအရေး ဆောင်ရွက်နေသည့် သပိတ်ကော်မတီ သည် လောင်းလုံးမြို့နယ်အတွင်း အကြမ်းမဖက် လူထုလှုပ်ရှားမှုများကို အစဉ်တစိုက် လုပ်ဆောင်နေသည့် အဖွဲ့ အစည်း တစ်ခုသာဖြစ်ပြီး ဆက်လက်၍လည်း ဆန္ဒပြပွဲများကို စဉ်ဆက်မပြတ် ဖြစ်မြောက်အောင် ကြိုးစားသွား မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်သပိတ်ကော်မတီက ထုတ်ပြန်ထားသည်။