ရေးမြို့နယ်အတွင်း ကျေးရွာ အုပ်ချုပ်ရေးရုံး တိုက်ခိုက်မှုတွင် ကလေး ၁ ဦးနှင့် ပြည်သူ့စစ် ၂ ဦး သေဆုံး

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရမှုဖြစ်စဥ်အတွင်း အသက် ၁၄ နှစ်အရွယ် အရပ်သားကလေး ၁ ဦးနှင့် ပြည်သူ့စစ် ၂ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ်‌ရေးမှူးရုံးကို ရေးပြောက်ကျားတပ်ဖွဲ့ YGF တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန် ထားသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ၂ ဦး ရှင်းလင်နိုင်ခဲ့သည့်အပြင် AK ရိုင်ဖယ် သေနတ် ၂ လက်လည်း သိမ်းဆည်းရမိခဲ့ကြောင်းလည်း ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အပြင် အုပ်ချုပ်ရေးမှူးရုံးတွင် ရောက်ရှိနေသည့် အသက် ၁၄ နှစ်အရွယ် မောင်ငြိမ်းခန့်ကျော်ဆိုသည့် အရပ် သားကလေး ၁ ဦးလည်း သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ ဒီအုပ်ချုပ်ရေးမှူးရုံး ဝင်ရောက်တိုက်ခိုက်မှုထဲ ရုံးမှာ ထောက်ခံစာလာလုပ်တဲ့ ၁၄ နှစ်သား တစ်ယောက် ကျည်ထိပြီး သေသွားတယ်လို့ ကြားတယ်။ အဲ့ဒီကလေးက ဆိတ်ကလေးရွာကလို့ ပြောတာပဲ” ဟု ပြောသည်။

အရပ်သားကလေးငယ် ပစ်ခတ်ခံရပြီး သေဆုံးသွားမှုနှင့် ပတ်သက်၍ ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကျန်ရစ်က အနူးအညွတ်တောင်းပန်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ရေးပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ဗိုလ်ကျန်ရစ်က “ပြည်သူ ကောင်လေး ၁ ယောက် ထိမိသွားတဲ့အတွက် ကျနော် တို့ YGF အဖွဲ့က အနူးအညွတ်တောင်းပန်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ခွေးတွေနဲ့ နီးနီးမနေပဲ ဝေးဝေး လေးနေပေးဖို့ ထပ်ပြီးတော့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဧပြီလ ၁၁ ရက်နေ့၊ မွန်းလွဲ ၃ နာရီဝန်းကျင် အချိန်ခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု YGF အဖွဲ့က ထုတ်ပြန်ထားသည်။

ရေးပြောက်ကျားတပ်ဖွဲ့ အနေဖြင့် မစ်ရှင်-စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့် စစ်ကောင်စီနှင့် ဝေးဝေးနေပေးကြရန်လည်း ထုတ်ပြန်ထားသည်။

ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့၏ စခန်းများ၊ စစ်ကောင်စီယာဥ်တန်းများ၊ ဌာနဆိုင်ရာရုံးများ၊ အုပ်ချုပ်ရေးမှူးရုံးများကို မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ ရှိ သည်။

ထိုတိုက်ခိုက်မှု ဖြစ်စဥ်များအတွင်း၌လည်း စစ်ကောင်စီ တပ်သားများ၊ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ အပြင် အရပ်သားများပါ ထိခိုက်သေဆုံးမှု ရှိနေသည်။