စစ်ကောင်စီနဲ့ ရှမ်းနီတပ် ကျေးရွာများ မီးရှို့၊ လက်နက်ကြီးဖြင့် ပစ်ခတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်။

စစ်ကောင်စီတပ်၊ ရှမ်းနီတပ်မတော် SNA ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်း တပ်တို့အကြား စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၃ ပတ်ကျော်ရှိပြီဖြစ်ပြီး စစ်တပ်က ကျေးရွာများကို မီးရှို့နေသည့်အပြင် လက်နက်ကြီးများနှင့် ပစ်ခတ်နေသောကြောင့် ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးနေကြရသည်။

မတ်လကုန်ပိုင်းကစပြီး ဧပြီလ ၁၄ ရက်နေ့ထိ ဗန်းမောက်မြို့နယ်ထဲတွင် စစ်တပ်၊ SNA ရှမ်းနီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး နှစ်ဖက်လုံးတွင်လည်း အကျအဆုံးများသည်ဟု ဒေသခံ PDF တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

“တပ်ရင်း ၃၊ တပ်ခွဲ ၃ ခွဲရှိတာ အခု နှစ်ခွဲပဲ ရှိတော့တယ်။ နှစ်ခွဲမှာမှ လူ ၃၀ တောင်မရှိတော့ဘူးတဲ့။ အကုန်လုံး မီးရှို့ပြီး မီးလောင်ပြင်ကြီး ထိုင်ကြည့်နေရတာ။ နောင်ယောစျေးတန်းတွေရော၊ ရွှေတော်စျေးတန်းတွေရော၊ အရှေ့ကုန်းတွေရော အကုန်လုံးပါ့ မရှိတော့ဘူး။ ကလေးတွေလည်း အခု ထမင်းနှပ်မှန်အောင် မစားရဘူး။ ကလေးတွေ ငိုလို့ရယ်လို့။

ဧပြီလ ၁၂ ရက်နေ့ကလည်း ဗန်းမောက်မြို့ အနောက်ဖက် ပင်ဟင်းခါး-သာယာကုန်းကျေးရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ရွာသား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အသက်အန္တရယ်လည်း စိုးရိမ်ရသည်ဟု ဒေသခံများက ပြောသည်။

ပင်ဟင်းခါးနှင့် သာယာကုန်းကြားကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၁၂ ရက်နေ့က မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အနည်းဆုံး ၁၀ ဦးထက်မနည်း သေဆုံးသွားသည်ဟု PDF ဘက်က ထုတ်ပြန်ထားသည်။

အထိနာသွားသည့် စစ်တပ်က ထိုနေ့မှာပင် လေကြောင်းမှ ဗုံး ၈ လုံး ကြဲခဲ့ရာ သာယာကုန်းဘုန်းကြီးကျောင်း၊ ဇရပ်နှင့် ကျေးရွာထဲက အိမ်အချို့ ထိမှန်ပျက်စီးခဲ့ပြီး ကလေးတစ်ဦး အပါအဝင် ပြည်သူ ၄ ဦး ထိမှန်ဒဏ်ရာ ရရှိ ခဲ့သည်။ ထို့အပြင် အသက် ၇၀ ကျော်အမျိုးသမီးကြီးတစ်ဦးလည်း ထိမှန်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် မြေပြင်တွင်လည်း စစ်တပ်နှင့် ရှမ်းနီတပ်မတော် SNA ပူးပေါင်းအဖွဲ့က နောင်ယောနှင့် ကူးဆိပ်ဈေး တန်းတို့ကို မီးရှို့ ဖျက်ဆီးခဲ့သည့် အပြင် ရှေ့ရက်များတွင်လည်း မတ္တရာမှော်၊ ရွှေတော်-မင်းကုန်းကျေးရွာက နေအိမ်များကိုလည်း မီးရှို့ ခဲ့သည်ဟု ဒေသခံတွင်း သတင်းအရင်းအမြစ်က ပြောသည်။

ဒေသခံတစ်ဦးက “နောင်ယော၊ နောင်ပွတ် အကုန်လုံးပါ့ အဲ့ဒီဘက်။ တကြောလုံး အကုန်လုံးပဲ၊ အရှေ့ကုန်း တောင်ကုန်းတွေအထိ။ အခုသူတို့ လမ်းဆုံတွေရော အကုန်လုံးသိမ်းထားပြီလေ။ နှစ်ဖွဲ့လုံးပေါင်းရှို့တာ။ တနေ့ ကဆို ကလေး ၃ ယောက်၊ အခုအများကြီးပဲ လူကြီးတွေရော သေနေတာ တပုံကြီး အရပ်သားကတော့။ ကြောင် လည်ဆို ဘာမှမရှိတော့ဘူး။ ကြောင်လည် အရှေ့ကုန်း၊ ကျင်းတိမ်၊ နောင်ရော၊ နောင်ပွတ် အဲ့ဒါတွေကတော့ ရွာ ကြီးတွေပါ့။ အခု တကယ် ရှို့ပေးနေတဲ့ရွာတွေ စျေးနဲ့ ရွာတည်ထားတဲ့ဟာတွေ။ နောက်ပြီး ဗန်းမာက်ထဲမှာ လည်း ပုံနေပြီ။ ဆေး ရုံမှာလည်း ပုံနေပြီ” ဟု ပြောသည်။

မြေပြင်တွင် ဧပြီလ ၁၄ ရက်နေ့ (ယနေ့) အချိန်ထိ တိုက်ပွဲများ စစ်ရေးတင်းမာများ ရှိနေခြင်းကြောင့် အရပ်သား များ ထိမှန်ဒဏ်ရာရရှိမှု၊ သေဆုံးမှု၊ နေအိမ်များ မီးရှို့ခံရမှု အခြေအနေများနှင့် ပတ်သက်၍ စာရင်းအတိအကျ ရယူနိုင်ရေး ခက်ခဲနေသည်ဟု PDF တပ်ဖွဲ့တာဝန်ရှိသူများနှင့် ဒေသခံများက ဆိုသည်။

ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့်SNA ပူးပေါင်းတပ်ဖွဲ့တို့၏ လက်နက်ကြီး/ ငယ် များ ပစ်ခတ်မှု၊ ထိုးစစ်ဆင်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၄၀၀၀ ကျော်ထက်မနည်း ဘေး လွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

ဗန်းမောက် အပါအဝင် ကချင်နှင့် စစ်ကိုင်းအစပ်ရှိ ရွှေကူ၊ ကသာ၊ အင်းတော်မြို့နယ်ထဲတွင်လည်း မတ်လ နောက်ဆုံးပတ်ထဲကစတင်ပြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီ တပ်၊ SNA တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။