အကြိမ်ကြိမ် သတိပေးပြီးနောက် သတင်းပေး ဆိုသူများကို ပစ်သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနစ်၊ ဧပြီလ ၁၆ ရက်။

သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေးများဟု နာမည်ကျော်ကြားနေသည့် အမျိုးသမီး တစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသူများမှာ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာနေ ဒေါ်သောင်း အေး အသက် ၅၀ နှစ် နှင့် ကိုဆံရှည် အသက် ၄၀ နှစ်တို့ ဖြစ်ကြသည်။

ပစ်သတ်ခံရသူ ဒေါ်သောင်းအေးမှာ ကျေးရွာအတွင်း စစ်ကောင်စီသတင်းပေးဟု လူအသိများပြီး ၎င်းတို့၏ နေအိမ်အတွင်း စစ်ကောင်စီတပ်နှင့် သတင်းပေးဆိုသူများ ဝင်ထွက်ကာ မကြာခဏ စုဝေးလေ့ရှိသည်ဟု ရွာသား များက ပြောသည်။

ကိုဆံရှည်ဆိုသူမှာလည်း စစ်ကောင်စီတပ်များ ရောက်ရှိလာသည့် အချိန်မျိုးတွင် ကျေးရွာအတွင်း အခြေအနေ များ နှင့် PDF တပ်ဖွဲ့များ၏ လှုပ်ရှားမှုများအား သတင်းပေးလေ့ရှိပြီး ဆိုင်ကယ်တစ်စီးဖြင့် လမ်းပြပေးခြင်းများ လုပ်နေသူတစ်ဦးဖြစ်သည်ဟု ဆိုသည်။

၎င်းတို့ ၂ ဦးကို ဧပြီလ ၁၃ ရက်နေ့၊ ည ၈ နာရီအချိန်ခန့်က ခြေလျင်ဖြင့် ရောက်ရှိလာသူ လူ ၇ ဦးက နေအိမ်များ ထဲအထိ ဝင်ရောက်လာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနောက် ရွာအနီးရှိ သီဟိုဋ်ခြံ တစ်ခြံအတွင်း၌ သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည်။

အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “အဲ့ညက ဖမ်းသွားတာ မသိလိုက်ပါဘူး။ ညပိုင်းဆို လမ်းမှာ အသွားအလာ မရှိကြဘူး။ ကိုယ့်အိမ်ထဲကိုယ် တံခါးပိတ်ပြီး နေကြတာများတယ်။ ရွာအပြင်ဘက်ရောက်မှ ပစ် သွားတာဆိုတော့ သေနတ်သံတွေလည်း မကြား လိုက်မိဘူး။ မနက်မိုးလင်းမှ ဖမ်းခံရတာနဲ့ ပစ်သတ်ခံရတာကို သိရတာ” ဟု ပြောသည်။

ဒေါ်သောင်းအေးနှင့် ကိုဆံရှည်တို့အား မကြာခဏ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက သတိပေးခြင်းများလည်း ရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ထိုသို့ မကြာခဏ သတိပေးခဲ့ကြသော်လည်း ၎င်းတို့နှစ်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့အား သတင်းပေးသည့် အလုပ် ကို ဆက်လုပ်နေသည်ဟု ဆိုသည်။

ဧပြီလ ၁၄ ရက်နေ့၊ နံနက်အစောပိုင်း အချိန်တွင် စစ်ကောင်စီနှင့် ရဲများရောက်ရှိလာပြီး ပစ်သတ်ခံရသူများ၏ နေအိမ် အနီးဝန်းကျင်တို့တွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် သရက်ချောင်းဘက်သို့ ပြန်သွားကြ သည်ဟု ရွာသားများက ပြောသည်။

ပစ်သတ်ခံလိုက်ရသူများ၏ ရုပ်အလောင်းများကိုမူ မိသားစုဝင်များက နေအိမ်သို့ ပြန်သယ်ယူလာပြီးနောက် ကနက်သီရိကျေးရွာ သချိုင်းတွင် နေ့ချင်းပြီး သင်္ဂြိုလ်လိုက်ကြသည်ဟု ပြောသည်။