စစ်ကောင်စီ သတင်းပေးဆိုသူ ဟိုင်းကြီးကျွန်းတွင် သေနတ်ဖြင့် ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်။

ဟိုင်းကြီးကျွန်းတွင် စစ်ကောင်စီ သတင်းပေးဆိုသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာများရရှိခဲ့သည်ဟု
ဒေသခံများ က ပြောသည်။

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ၊ ဇီးချိုင်ကျေးရွာမှ အသက် ၄၈ နှစ်ခန့်ရှိ ကိုအောင်မျိုး လွင် ဆိုသူ ၎င်း၏နေအိမ်တွင် သေနတ်ဖြင့် ပစ်ခံရပြီး ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး က “သူက အရက်ဆိုင်က ပြန်လာတာ။ သူ့အိမ်အရောက်မှာ အပစ်ခံရတာ။ ဘယ်ဘက်လက်ဖျံမှာ ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်အ‌ပေါ် ဘယ်ဘက်မှာဒဏ်ရာ ၂ ချက်ထိထားတယ်။ သွေးတွေက တော့ မြင်မကောင်းဘူး” ဟု ပြောသည်။

ကိုအောင်မျိုးလွင် သေနတ်ဖြင့် ပစ်ခံရပြီး‌နောက် မိနစ်ပိုင်းအတွင်း စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့် ရဲ များ ရောက်ရှိလာကာ ကိုအောင်မျိုးလွင်ကို ဟိုင်းကြီးတပ်တွင်းဆေးရုံ (၅/၂၅) သို့ ပို့ဆောင်လိုက်သည်ဟု အဆိုပါ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူက ဆက်ပြောသည်။

ဧပြီလ ၁၃ ရက်နေ့ ည ၈ ခွဲအချိန်ခန့်တွင် ကိုအောင်မျိုးလွင်ကို လူ ၃ ဦးမှ သေနတ်ဖြင့် ၅ ချက်ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ ရွာသားတစ်ဦး က‌ပြောသည်။

ကိုအောင်မျိုးလွင်သည် စစ်ကောင်စီ ထောက်တိုင် သတင်းပေးတစ်ဦး ဖြစ်သောကြောင့် နန်းထိုက်အောင် စစ်ဆင် ရေးအဖြစ် ပုသိမ်အနောက် တော်လှန်ရေးတပ်ဖွဲ့ Pathein Western Defence Force (PWDF)၊ ကမ်းခြေ ကာကွယ် ရေး တပ်ဖွဲ့ Beach Defence Force (BDF)၊ ဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ SinYine Guerilla Force (SGD)၊ အနောက် ဖက်ကမ်းခြေ ကာကွယ်ရေးတပ်ဖွဲ့ West Coast Defence Force (WCDF)၊ ရိုးမအဏ္ဏဝါတော်လှန်ရေးတပ်ဖွဲ့ Yoma Annawah Defence Force (YADF) တို့က ပူးပေါင်းရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု Beach Defence Force (BDF) က သတင်းထုတ်ပြန်ထားသည်။

ကမ်းခြေကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “သူက ဇီးချိုင်ကျေးရွာအုပ်စု အတွင်းမှာ ပြည်သူတွေကို အကြမ်းဖက် စစ်တပ်နဲ့ ပေါင်းပြီး ဒုက္ခပေးတာတွေ များနေပြီ။ တော်လှန်ရေး အင်အားစုတွေ ဖမ်းဆီးခံရအောင်လည်း ခဏ ခဏ လုပ်နေလို့ အခုလို ရှင်းပစ်ခဲ့တာ” ဟု ပြောသည်။

ဇီးချိုင်ကျေးရွာတွင် နေထိုင်သူအချို့က ကိုအောင်မျိုးလွင်သည် သတင်းပေးတစ်ဦး ဟုတ်မဟုတ် သေချာစွာ မသိ ကြောင်း၊ သို့သော် ရေလုပ်ငန်းလုပ်ကိုင်သူ တစ်ဦး ဖြစ်ကြောင်း၊ ငါးဖမ်းစက်လှေပိုင် စီးပွားရေးသမား တစ်ဦး ဖြစ်ပြီး ရေတပ်မှ စစ်သားများနှင့် ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်ဟု ပြောသည်။

ကိုအောင်မျိုးလွင်သည် သေနတ်နှင့် ပစ်ခတ်ခံရမှုကြောင့် ရရှိထားသော ဒဏ်ရာများ ပြင်းထန်သဖြင့် ဟိုင်းကြီးမြို့ တပ်တွင်း ဆေးရုံ (၅/၂၅) မှ ပုသိမ်မြို့၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်ရှိ မဆရ (၄) ဆေးရုံသို့ ပို့ဆောင်လိုက်ရ သည်ဟု တပ်တွင်းဆေးရုံနှင့် နီးစပ်သူများ က ပြောသည်။

မဟာမိတ်အင်အားစုများအနေဖြင့် ဆက်လက်၍ စစ်ကောင်စီ ထောက်တိုင်များနှင့် စစ်ရေး၊ အုပ်ချုပ်ရေး ပစ် မှတ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွန်ချက်များနှင့်အညီ ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီ အပေါင်းအပါများနှင့် နီးကပ်စွာ နေထိုင်ခြင်း မပြုကြရန် ‌ထုတ်ပြန်ထား သည်။