စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကို တားဆီးရန် နိုင်ငံတကာက ပိုမိုလုပ်ဆောင်ရန်လိုဟု PNFC ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ်အတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ဒေသများထဲ လေကြောင်း တိုက်ခိုက်မှု များ ပိုမိုရဲတင်းစွာ လုပ်လာသည့်အတွက် ထိုလုပ်ရပ်များကို ဟန့်တားနိုင်ရေး နိုင်ငံတကာအနေဖြင့် ထုတ်ပြန် ချက်များထုတ်ကာ ကန့်ကွက်ရှုတ်ချနေရုံဖြင့် မရဘူးဟု ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) မှ တာဝန် ရှိသူများက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုများကို ဟန့်တားနိုင်ရန် နိုင်ငံတကတကာက ထိရောက်သည့် အကူအညီများပေးကာ အတူတကွ ပူးပေါင်းဆောင်ရွက်ရမည်ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

“နိုင်ငံတကာမှာတော့ ဗမာပြည် အရေးနဲ့ ပတ်သက်ရင် အမြင်အမျိုးမျိုးရှိမယ်။ သို့သော် အပြစ်ပေး အရေးယူဖို့ က သူတို့မှာ တာဝန်ရှိတယ်ဆိုတဲ့ အမြင်ချင်းက တူတယ်။ အဓိက ပြောချင်တာတော့ ဒီကိစ္စရပ်တွေ အပေါ်မှာ ကြေညာချက်ထုတ်ရုံ ရှုတ်ချကြရုံနဲ့တော့ မရဘူး။ အဲတော့ တော်လှန်ရေး အဖွဲ့စည်းများ အနေနဲ့လည်း လက် တွေ့ကျမယ့် အစီစဉ်တွေ လုပ်ဖို့လိုတယ်။ နိုင်ငံတကာကနေပြီးတော့ လက်တွေ့ကျမယ့် အစီစဉ်တွေ လုပ်ဆောင် နိုင်ဖို့ ကျနော်တို့ သဘောထားကို ထုတ်ပြန်တာ။”

လေကြောင်းတိုက်ခိုက်မှုများ ဟန့်တားနိုင်ရေး နိုင်ငံတကာ၏ အကူအညီနများ လိုအပ်နေသည့်အပြင် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)တို့နှင့်လည်း မဟာမိတ်များ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်ဟု ဆိုသည်။

ခွန်မြင့်ထွန်းက “သဘောထားတွေတော့ တူနေပြီ။ ဒါပေမယ့် NUG ရော၊ NUCC ရော၊ ကျန်တဲ့ မဟာမိတ်တွေ ရော က ဒီကိစ္စရပ် အပေါ်မှာ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာ ပြင်ဆင်ရမှာ ဖြစ်တယ်” ဟု ပြောသည်။

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) အနေဖြင့်လည်း ၎င်းတို့ တစ်ဖွဲ့တည်း နိုင်ငံတကာအထိ ရောက် အောင် လုပ်ဆောင်မည်ဆိုပါက ခက်ခဲသောကြောင့် NUCC၊ NUG တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြင်ဆင်နေ သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် ဧပြီလ ၁၀ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဝေဘူလ အထက်တန်း ကျောင်းနှင့် ဧပြီလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူ မြို့နယ်၊ ပဇီကြီးကျေးရွာတို့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သားဦးရေ ၁၈၀ ကျော် သေဆုံးခဲ့ပြီး အယောက် ၅၀ ထက်မနည်း ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ကြသည်ဟု မြေပြင်ရှိ သတင်းအရင်းအမြစ်များက ပြောသည်။

သို့ဖြစ်၍ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအား နိုင်ငံတကာ အဖွဲ့အစည်းများနှင့် UN ကဲ့သို့သော ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် မြန်မာပြည်သူများကို အကာအကွယ်ပေးနိုင်ရန် တော်လှန်ရေးအင် အားစုများနှင့် ညှိနှိုင်း ဆောင်ရွက် မှုများ လုပ်ဆောင်သင့်သည်ဟု ခွန်မြင့်ထွန်းက ဆက်ပြောသည်။

“ကျနော်တို့အနေနဲ့ ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ် PNDF (KK) နဲ့ PNDF (KD) ဆိုပြီးတော့ ဒီနှစ်ဖွဲ့လုံးနဲ့က မဟာမိတ်အနေနဲ့ လက်တွဲပြီး လှုပ်ရှားနေတာပေါ့။ ကျနော်တို့ အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ် သက်ရင် အထူးအားဖြင့် No Fly Zone (လေယာဉ် မပျံသန်းရနေရာ) အနေနဲ့ သတ်မှတ်ဖို့ ကိစ္စတွေကအစ သေ ချာညှိနှိုင်းပြီးတော့ ပြင်ဆင်ရမှာပါ။ သို့သော်လည်း ကျနော်တို့မှာ အဲလောက်အထိ လုပ်နိုင်တဲ့ အခြေအနေ မရှိ သေးဘူး။ မရှိသေးပေမယ့် စုပေါင်းပြီးတော့ ကာကွယ်နိုင်မယ့် နည်းလမ်းတွေ ပြင်ဆင်ရမှာပါ။”

PNFC ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသည့် ပအိုဝ်းအမျိုးသား ဖက်ဒရယ် ညီလာခံအပြီးတွင် စစ်အာဏာ ရှင်နှင့် အာဏာရှင်စနစ်မှန်သမျှကို တော်လှန်ရန် ဖွဲ့စည်းခဲ့ကြပြီး လက်ရှိတွင် NUCC ထဲတွင် ပါဝင်လျက် ရှိသည်။

ထို့အပြင် NUG အစိုးရနှင့်လည်း တော်လှန်ရေး ကိစ္စအဝဝကို ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ကြားကာလ အခြေခံ ပညာ အခမဲ့အွန်လိုင်း စာသင်ကျောင်းကိုလည်း ဖွင့်လှစ်ထားသည်။

ခွန်မြင့်ထွန်းသည် လက်ရှိတွင် PNFC ၏ ဥက္ကဋ္ဌ ဖြစ်သည့်အပြင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၏ ဒုဥက္ကဌ အဖြစ်လည်း တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည်။