အမိန့်ဖြင့် ခိုင်းသော်လည်း အင်းလေး ရေပေါ်သင်္ကြန်ပါဝင်သူ နည်းပါး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်။

အင်းလေးရေပေါ်သင်္ကြန် ပါဝင်ဆင်နွှဲသူ မရှိ၍ အုပ်ချုပ်ရေးမှူးများ တစ်ရွာဝင် တစ်ရွာထွက် လိုက်လံ စည်းရုံးနေ သည်ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ကျင်းပပြုလုပ်သည့် ရေပေါ်သင်္ကြန်မှာ ပါဝင် ဆင်နွှဲသူ မရှိကြဘူးဟု ဒေသခံများက ပြောသည်။

အင်းပေါခုံကျေးရွာနေ အမျိုးသမီး တစ်ဦးက ”အခု ရေပေါ်သင်္ကြန်ကို သွားရဲသူ မရှိဘူး။ ရေပေါ်သင်္ကြန်ရှေ့ ဖြတ်မောင်းတဲ့ စက်လှေတွေကို ခဏရပ်ခိုင်းပြီးတော့ ပွဲကို ကြည့်ခိုင်းတာတို့၊ ပြီးရင် စာသင်ကျောင်း တစ် ကျောင်းကို ကျောင်းသား အယောက် ၂၀၊ ဆရာ ၂ ယောက် လွှတ်ပေးဖို့ စာထုတ်ထားကြတယ်ပေါ့နော်။ ကျောင်းအုပ်ကြီး အနေနဲ့ အခါကျတော့ သူလည်း အတင်း မလုပ်ရဲတာနဲ့ မိဘတွေ ခွင့်ပြုရင်သွား၊ ခွင့်မပြုရင် တော့ မသွားနဲ့ပေါ့။ မိဘတွေလည်း ခွင့်မပြုတဲ့အခါကျတော့ ရေပေါ်သင်္ကြန်က ကြည့်မယ့်လူ မရှိဘူး” ဟု ပြောသည်။

နန်းပန်မြို့၏ ရေပြင်ပေါ်ရှိ ခေတ်ဆန်းယဉ် ရေကစားမဏ္ဍပ် (Innlay Cultural Heritage Trust Complex) တွင် ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့)ကတည်းက စတင်ကျင်းပခဲ့သော ရေပေါ်သင်္ကြန်ပွဲတော်တွင် ဧပြီလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့)အထိ ပါဝင်ဆင်နွှဲသူ မရှိသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ကိုယ်တိုင် လိုက်လံစည်းရုံးနေရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် အဆိုပါ ရေပေါ်သင်္ကြန်ပွဲတော်တွင် အင်းသားအဆိုတော်၊ အင်းသား တေးဂီတဝိုင်းများလည်း ပါဝင်သီဆို တီးခတ်ခြင်း မရှိကြဘဲ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ လိုက်လံစည်းရုံးထားသည့် ယိမ်းအဖွဲ့ ၄ ဝိုင်းခန့်ကသာ ဖျော်ဖြေကြပြီး လာရောက် ကြည့်ရှုသူ လူဦးရေ ၁၀၀ ဝန်းကျင်ခန့်သာ ရှိသည်ဟု ဖြတ်သွား ဖြတ်လာ တွေ့ရှိသူများက ပြောသည်။

အလားတူ ပအိုဝ်း၊ ဓနု၊ တောင်ရိုး စသည့် တိုင်းရင်းသား ကျေးရွာများကို ဖိတ်ကြားထားသော်လည်း ထိုအဖွဲ့များ ကလည်း တစ်ဖွဲ့မျှပင် လာရောက်ကြခြင်း မရှိသောကြောင့် တစ်ရွာလျှင် ယိမ်းအဖွဲ့ တစ်ဖွဲ့ ပါဝင်ပေးကြရန် အုပ်ချုပ်ရေးမှူးများက တောင်းဆိုနေသည်ဟု အင်းပေါခုံကျေးရွာနေ အမျိုးသမီးက ဆက်ပြောသည်။

“လာခေါ်တာ ရှိတယ်။ ရွာလူကြီးကနေပြီးတော့ တစ်ရွာ တစ်ဖွဲ့လောက် လာကပေးဖို့ တောင်းဆိုတယ်။ ပြီး တော့ လူပျို၊ မောင်မယ်တွေကို မိဘတွေ ခွင့်ပြုရင် လာကြည့်ဖို့ အဲလိုမျိုး တောင်းဆိုတယ်။ အတင်းအကြပ် တော့ မဟုတ်ဘူး။”

ထိုကဲသို့ ပါဝင်ဆင်နွဲသူ၊ လာရောက်ကြည့်ရှုသူ မရှိသောကြောင့် အင်းလေး ဖောင်တော်ဦးဘုရားမှ တစ်ဆင့် အင်းပေါခုံ ယက္ကန်းရုံသို့ သွားရောက်လည်ပတ်ကြမည့် ပြည်တွင်းခရီးသွား စက်လှေများကို ရေပေါ်သင်္ကြန်ပွဲ ကျင်းပသည့် လမ်းတွင် ပိတ်ထားပြီး ၁၅ မိနစ်ခန့် ပါဝင်ဆင်နွှဲခိုင်းသည်ဟု စက်လှေမောင်းသူများက ပြောသည်။

သို့ဖြစ်၍ ပြည်တွင်းခရီးသွားများမှာ ၎င်းတို့၏ ဆန္ဒမပါဘဲ ရေပေါ်သင်္ကြန်ပွဲတွင် ပါဝင်ဆင်နွှဲနေရသောကြောင့် များစွာ စိတ်အနှောင့်အယှက် ဖြစ်နေကြပြီး စစ်ကောင်စီထောက်ခံသည့် အင်အားစုများဟု ပြည်သူများက အထင်မှားမည်ကို စိုးရိမ်နေရသည်ဟု ဆိုသည်။

ရေပေါ်သင်္ကြန်ပွဲ ကျင်းပသည့်နေရာအနီးက အမျိုးသမီးတစ်ဦးက “သူတို့က အတင်းအကြပ်ကို စည်းရုံးနေပါ တယ်။ စည်ကားနေပါတယ်ဆိုပြီး လုပ်ပေမယ့်ပေါ့နော် တကယ်တမ်းကျတော့ စည်ကားနေတာတွေလည်း မရှိဘူးပေါ့။ သူတို့အနေနဲ့ ရွာတွေကို ထိန်းချုပ်နိုင်ပြီလို့ ထင်ရပေမယ့် လက်တွေ့မှာတော့ မထိန်းချုပ်နိုင်ဘူးဆို တာ ရေပေါ်သင်္ကြန်မှာ သိရတယ်ပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ထိုနေရာတွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံး အင်းလေး ရေပေါ်သင်္ကြန်ပွဲတော် ကို နံနက် ၈ နာရီမှ ညသန်းခေါင်အထိ ဖျော်ဖြေရေးအစီစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ယခု စစ်ကောင်စီက ကျင်းပသည့် ရေပေါ်သင်္ကြန်မှာ လာရောက်ကြည့်ရှုသူပင် မရှိသောကြောင့် ညနေ ၃ နာရီ အချိန်ခန့်အထိသာ ကျင်းပနိုင်သည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်များက အင်းလေးရေပေါ်သင်္ကြန်ပွဲတော်အတွက် ပျူစောထီးများကို စစ်ဝတ်စုံများ၊ လက်နက် ပစ္စည်းများ တပ်ဆင်ပေးထားပြီး ပျူစောထီးခေါင်းဆောင်များ ဖြစ်သည့် အင်းပေါခုံကျေးရွာနေ ဦးဇော်လတ်နှင့် စစ်ကောင်စီလက်အောက်ခံ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး (ယခင် အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌ) ဦးအောင်ကြည်ဝင်း၏ ညာလက်ရုံး ဖြစ်သူ ဦးညီညီထွန်း (ခေါ်) ဖိုးသာထူးတို့က ဦးဆောင် ကွပ်ကဲနေ သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။