မြေရှား သတ္တုတူးဖော်ရေး ရပ်တန့်ရန် လူထုတောင်းဆိုချက်ကို KIO လက်ခံလိုက်ပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်း လုပ်ကိုင်နေသည့် မြေရှားသတ္ထုတူးဖော်ရေး လုပ်ငန်း များကို ရုတ်သိမ်းလိုက်ပြီဟု KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် ဗန်းမော်ခရိုင်အတွင်းက ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

ဗန်းမော်ခရိုင်အတွင်းက အင်ဘာပါ၊ ဒိန်ဆိန်းပါနှင့် အနီးအနားကျေးရွာများတွင် စမ်းသပ်လုပ်ကိုင်နေကြသည့် မြေရှားသတ္ထုတူးဖော်ရေး လုပ်ငန်းများကို လုံးဝရပ်ဆိုင်းပေးလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မြေရှားသတ္ထုတူးဖော်မှုကို ကန့်ကွက်ခဲ့သည့် ရွာသားတစ်ဦးက ”အဓိက ဥက္ကဋ္ဌကြီးပြောတာက ဒီလူထုကန့်ကွက် တဲ့ ဒိန်ဆိန်းပါက မြေရှားတူးတာကို ဆက်မလုပ်တော့ဘူး၊ အင်ဘာပါ အဲ့ဒီက ဟာတွေအားလုံးကို လုံးဝရပ်ဆိုင်း လိုက်ပြီဆိုတာကို ပြောတယ်။ နောက်လည်း KIO ကို ပြည်သူတွေအနေနဲ့ ထောက်ပြသင့်တာတွေ ထောက်ပြဖို့ လည်း ပြောခဲ့တယ်” ဟု ပြောသည်။

ဧပြီလ ၁၅ ရက်နေ့တွင် KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင် ဗိုလ်ချုပ်ကြီးအင်ဘန်လနှင့် ဗန်းမော်ခရိုင်အတွင်း က ပြည်သူ ၁၆၀၀ ကျော် တွေ့ဆုံပြီးနောက် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ ဒိန်ဆိန်းပါ၊ အင်ဘာပါနှင့် အနီးအနားကျေးရွာများတွင် မြေရှားသတ္ထုတူးဖော် မှု လုပ်ဆောင်ရန်အတွက် KIO/KIA ၏ ခွင့်ပြုချက်ဖြင့် တရုတ်လုပ်ငန်းရှင်များက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှ စတင်ကာ စမ်းသပ်တူးဖော်မှုများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

မံစီမြို့နယ်အတွင်းရှိ အင်ဘာပါ၊ ဒိန်ဆင်းပါ၊ အင်ဂျုံ ဘွမ်၊ ဖိုင်ဒန်၊ ဒရောန်၊ ဂျန်မိုင်၊ ဖက်ဂွမ် စသည့်နေရာများတွင် မြေရှားတူးဖော်ရန် စမ်းသပ်လုပ်ကိုင်လျက်ရှိရာ ဒေသခံများအနေဖြင့် ရေရှည်တွင် မြေရှား သတ္တုတူးဖော်မှုများ ကြောင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများ၊ မြေယာများ ပျက်စီးကာ စားဝတ်နေရေး အခက်အခဲဖြစ် လာမည်ကို စိုးရိမ်ပြီး ဆက်တိုက် အပြင်းအထန် ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် ဗန်းမော်ခရိုင်မှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အသင်းတော် ခေါင်းဆောင်အချို့သည် လိုင်ဇာ မြို့သို့ သွားရောက်ကာ KIO ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ နှင့် ဧပြီလ ပထမပတ်ထဲတွင် သွားရောက်တွေ့ဆုံခဲ့ ကြပြီးနောက် ဧပြီလ ၁၅ ရက်နေ့တွင် လူထု ၁၆၀၀ ကျော်နှင့် ထပ်မံတွေ့ဆုံကာ ယခုကဲ့သို့ ရုတ်သိမ်းလိုက်မည် ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အင်ဘာပါ ဒေသခံတစ်ဦးက “ဥက္ကဋ္ဌကြီးက အကုန်ပြောစရာရှိတာ ပြောပြီးတာနဲ့ အခု လူထုက ကန့်ကွက်တဲ့ ဒီမြေရှားတူးတာကို ရပ်ဆိုင်းလိုက်ပြီလို့ ပြောလိုက်တာနဲ့ အားလုံးလက်ခုပ်တွေတီး၊ အကုန်ပျော်ကြ၊ ဥက္ကဋ္ဌကြီး ကို ကျေးဇူးတင်ကြောင်း ပြောကြတယ်။ ဆုတွေတောင်းပြီး ကောင်းချီးတွေပေးပြီး ပြန်လာကြတာပါ” ဟု ပြော သည်။

“အမှန်တိုင်းပြောရရင် KIO အစိုးရက ကျနော်တို့ ဒီအင်ဘာပါနဲ့ ဒိန်ဆိန်းပါဒေသက မြေရှားတူးဖော်မယ့် အစီ အစဥ်ကို ဖျက်သိမ်းလိုက်ပြီလို့ ပြောတာ အရမ်းဝမ်းသာတာဟုတ်တယ်။ KIO ကိုလည်း ကျေးဇူးတင်တယ်။ မဟုတ်ရင် ကျနော်တို့က နောက်သားသမီးတွေအတွက် တာဝန်မကျေတဲ့လူတွေ ဖြစ်သွားမှာ။ မြေရှားက အား လုံး သိတဲ့အတိုင်း မြေကြီးကအစ ပျက်စီးမှာဆိုတော့ ကျနော်တို့က လုံးဝမလိုလားဘူးဟုတ်တယ်။”

သို့သော် ဧပြီလ ၁၅ ရက်နေ့က မိုင်ဂျာယန်တွင်ပြုလုပ်ခဲ့သည့် KIO ခေါင်းဆောင်နှင့် လူထုတွေ့ဆုံပွဲတွင် မြေရှား တူးဖော်မှုလုပ်ငန်းများကို လူထု၏သဘောဆန္ဒအတိုင်း ရုတ်သိမ်းမည်ဖြစ်ကြောင်းသာ ပြောဆိုခဲ့ပြီး ဒေသတွင်းရှိ မြေရှားစမ်းသပ်တူးဖော်နေသည့် တရုတ်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ မည်သည့်နေ့ရက် အချိန်တွင် ထွက်ခွာ သွားကြမည်ကိုမူ အသေးစိတ် ပြောဆိုသွားခြင်းမျိုး မရှိဘူးဟု အခမ်းအနား တက်ရောက်ခဲ့သူများက ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ မြေရှားသတ္တု တူးဖော်မှုများကို ဒေသခံများနှင့် ကချင် အရပ်ဖက်အဖွဲ့အစည်းများ က ပြင်းပြင်းထန် ကန့်ကွက်လျှက်ရှိသည့်အပြင် ဧပြီလ ၁၃ ရက်နေ့တွင် ကချင်အရပ်ဘက်အဖွဲ့အစည်း ၂၀ ဝန်းကျင်ကလည်း အင်ဘာပါ နှင့် ဒိန်ဆင်းပါဒေသရှိ မြေရှားတူဖော်မှု လုပ်ငန်းများကို ရပ်တန့်ပေးရန် သဘောထားထုတ်ပြန် တောင်းဆိုခဲ့ကြသေးသည်။