ဘီးလင်းမြို့နယ်အတွင်း နေရာနှစ်နေရာတွင် ဗုံးပေါက်ကွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်။
ဘီးလင်းမြို့နယ်အတွင်း နေရာ ၂ နေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကလေး ၁ ဦးအပါ ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရခဲ့သည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာနှင့် တောင်ကြီးကျေးရွာတို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေး ၁ ဦးအပါအဝင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက ”ပေါက်ကွဲတဲ့အသံက တော်တော်ကျယ်တယ်။ အနီးအနားက အုတ်တံတိုင်းတွေပါ ပြိုတယ်။ ဒဏ်ရာရတဲ့ လူတွေ က ဒဏ်ရာ သိပ်မပြင်းလို့ ကံကောင်းတယ်လို့ ပြောရမယ်” ဟု ပြောသည်။
ဧပြီလ ၁၆ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်ခန့်က တောင်ကြီးကျေးရွာ ကေလာသတောင်ခြေရှိ ဘိုးဘိုးနတ်နန်း အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာ ရရှိသွားသူများသည် ဘုရားဖူးပြည်သူ ၃ ဦး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အလားတူ တောင်ကြီးကျေးရွာ ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် နေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်ကလည်း တောင်စွန်း ကျေးရွာ ပန်းခြံအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ဗုံးစထိမှန် ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ ပေါက်ကွဲမှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ်များက ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု လည်း ဒေသခံများက ပြောသည်။
ဘီးလင်းမြို့နယ် တောင်ကြီးနှင့် တောင်စွန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး မည် သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားသည်ကို မသိရသေးသည့်အပြင် မည်သည့်အဖွဲ့ကမှလည်း တစ်စုံ တစ်ရာ ထုတ်ပြန်ထားခြင်းမျိုး မရှိသေးပေ။