တနင်္သာရီ တိုင်းအတွင်း ပိတ်ထားသည့် လမ်းပိုင်း ၂ ခုကို PDF က ပြန်ဖွင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်။

တနင်္သာရီတိုင်းအတွင်း ယာယီသွားလာခွင့်ပိတ်ထားသည့် လမ်းပိုင်း ၂ ခု ကို သတ်မှတ်ချိန် အတွင်း ပြန်လည်သွား လာခွင့်ပြုလိုက်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဘက် တိုက်ပွဲများကြောင့် ၁ လ အကြာ ယာယီသွားလာခွင့် ပိတ်ထားသည့် လမ်းပိုင်းနှစ်ခုကို သတ်မှတ်ထားသည့် အချိန်အတွင်း ပြန်လည်သွားလာခွင့်ပြုလိုက်ခြင်း ဖြစ် သည်ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

မောတောင်ဒေသခံ အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “ပြန်ဖွင့်ပေးလိုက်ပြီဆိုတော့ အတိုင်းမသိ ဝမ်း သာရတာပေါ့။ တစ်လလောက် အပိတ်ခံထားရချိန်မှာ အခက်ခဲဆုံးက ဆန်နဲ့စားသောက်ကုန် ပစ္စည်းတွေပါပဲ။
စက်သုံးဆီတွေပါ ပြတ်လပ်ကုန်တာ။ ကုန်သွယ်ရေးသမားတွေနဲ့ ဒေသခံတွေလည်း အလုပ်အကိုင်တွေ ပြန်စလို့ ရပြီ” ဟု ပြောသည်။

မြိတ် – တနင်္သာရီ – ဘုတ်ပြင်း သွား ပြည်ထောင်စုလမ်းပိုင်းနှင့် ထုံခါ – မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်း ပိုင်းတို့ကို ပြန်လည်သွားလာခွင့်ပြုလိုက်ခြင်း ဖြစ်သည်ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ က ပြောသည်။

ဧပြီလ ၂၉ ရက်နေ့မှ စတင်ကာ စည်းကမ်းချက်များ လိုက်နာ၍ ဖြတ်သန်းသွားလာ အသုံးပြုကြရန် ဧပြီ ၃၀ ရက် နေ့က ထုတ်လိုက်ခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်များက နှစ်ဘက် စစ်ရေးတင်းမာနေမှုများကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ ထုံခါ -မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းကို မတ်လ ၂၉ ရက်နေ့မှ စတင်ပိတ်ခဲ့ခြင်း ဖြစ်ပြီး မြိတ် – ဘုတ်ပြင်း ပြည် ထောင်စုလမ်းကိုလည်း ဧပြီလ ၃ ရက်နေ့တွင် ယာယီသွားလာခွင့်ပိတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြန်လည် သွားလာခွင့်ပြုခဲ့သည့် လမ်းပိုင်းများကို ဧပြီလ ၂၉ ရက်နေ့မှ စတင်ကာ နံနက် ၅ နာရီမှ ည ၇ နာရီ အတွင်းသာ သွားလာကြရန်နှင့် စစ်ကောင်စီယာဥ်တန်းများ၊ တပ်ရင်းတပ်ဖွဲ့ ဂိတ်စခန်းများနှင့် နီးကပ်စွာ သွားလာ ခြင်း မပြုရန်အပြင် စစ်ကောင်စီတပ်သားများ၊ လက်နက်ခဲယမ်းများ၊ ကုန်ပစ္စည်းများကို လုံးဝတင်ဆောင်ခြင်း မပြုကြရန် ထုတ်ပြန်ချက်တွင် သတိပေး ရေးသားထားသည်။

ထို့အပြင် လုံခြုံရေး လိုအပ်ချက်အရ တော်လှန်ရေးအင်အားစုများ၏ စစ်ဆေးခြင်းများကိုလည်း ကြည်ကြည် ဖြူ ဖြူ လက်ခံပေးကြဖို့ကိုလည်း တိုက်တွန်းဖေါ်ပြထားသည်။

လမ်းပိုင်းများ ယာယီပိတ်ထားစဥ် ကာလအတွင်း မောတောင် – ဆင်ခွန် ထိုင်းနယ်စပ်ဂိတ် လမ်းကြောင်းဘက်မှ ဝင်လာသည့် ဆန်အပါအဝင် အခြားသော အခြေခံ စားသောက်ကုန် ပစ္စည်းများကို စျေးကြီးပေး ဝယ်ယူစားခဲ့ရ သည်ဟု ဒေသခံများက ဆိုသည်။

တနင်္သာရီမြို့နယ်အတွင်း ထုံခါ – မောတောင်လမ်းနှင့် မြိတ် – ဘုတ်ပြင်း လမ်းပိုင်းတို့တွင် ဧပြီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ နှစ်ဘက်တိုက်ပွဲများ ပြန်ရှိလာနေပြီး ဧပြီလ ၂၈ ရက်နေ့ကလည်း ဘန်လောကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။